ပြည်မြို့ ညဈေးတန်း ဈေးဆိုင်ခန်းတွေ အင်အားသုံးဖျက်ဆီးခံရ

2022.04.29
ပြည်မြို့ ညဈေးတန်း ဈေးဆိုင်ခန်းတွေ အင်အားသုံးဖျက်ဆီးခံရ ဖြိုချ ဖျက်ဆီးထားတဲ့ ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်အနီးက ညဈေးတန်း ဈေးဆိုင်ခန်းတွေကို တွေ့ရစဉ်
Photo: Citizen Journalist

ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီးက ညဈေးတန်း ဈေးဆိုင်ခန်းတွေကို ဧပြီလ ၂၈ ရက် မနေ့က စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖြိုချဖျက်ဆီးလိုက်တယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။

ညဈေးတန်း ဆိုင်ခန်းတွေဆီကိုသွားတဲ့ အဝင်အထွက် လမ်းနှစ်ဖက်ကို ပိတ်ဆို့ပြီး အင်အားသုံးဖယ်ရှားခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်မြို့ခံတစ်ဦးက ပြောပါတယ်။

"မနေ့က မနက်ကတည်းက လုံခြုံရေးတွေအများကြီးယူပြီး သူတို့ဖြိုနေကြတာ။ အခုကတော့ သေနတ်ပြပြီး လုပ်တာဆိုတော့ ဘယ်သူမှ မပြောရဲဘူးလေ။ ဒီနေ့တော့ သူတို့ ဖြိုတဲ့လုပ်ငန်းတွေ နားထားတယ်"

ညဈေးတန်းနေရာမှာ အခိုင်အမာဆောက်ထားတဲ့ ဈေးဆိုင်ခန်းပေါင်း ၃၀ လောက်ရှိပြီး လက်ရှိမှာ ဆိုင်ခန်းဘယ်လောက် ဖြိုချဖျက်ဆီးခံရတယ်ဆိုတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညပိုင်းမှသာ ဖွင့်လှစ်ရောင်းချတဲ့ အဲဒီ ညဈေးတန်း က ဈေးသည်တွေကို မြို့သာယာလှပရေး အကြောင်းပြချက်နဲ့ ဧရာဝတီမြစ်ဘေး ကမ်းနားလမ်းကို ရွှေ့ပြောင်းဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခု အာဏာသိမ်းကာလမှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာတစ်နိုင်ငံလုံးက မြို့ကြီး တချို့မှာ ကျူးကျော်လို့ စွပ်စွဲခံရတဲ့ နေအိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ အဆောက်အအုံတွေကို ဖယ်ရှားပေးဖို့ အမိန့်ထုတ်တာတွေရှိသလို တချို့ကိုလည်း အင်အားသုံး ဖယ်ရှားတာတွေ လည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။