စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းဖျက်ဆီးခံနေရ

RFA Burmese
2024.03.01
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းဖျက်ဆီးခံနေရ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

Updated 1:57 PM Mar 1, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရသလို နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ မိုးမိတ်မြို့ခံတွေက RFA ကို မတ်လ ၁ ရက်နေ့က ပြောပါတယ်။

လူအုပ်စုလိုက် တုတ်၊ ဓားတွေ ကိုင်ပြီး နေအိမ်တွေကို လိုက်လံဖောက်ထွင်းခိုးယူနေတာလို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

"အကုန် ဘာမှမချန်ဘူးဗျ ယူသွားတာ။ အရပ်ဝတ်တွေနဲ့ အုပ်စုလိုက် လိုက်ဖောက်နေတာ။ မြို့မှာရှိတဲ့ အရင် ခိုးဆိုးလုနေတဲ့လူတွေပဲ အများစုက။ အိမ်ခြံဝန်းသံတံခါးတောင် မချန်ဘူးဗျာ၊ ယူသွားကြတာ။ ဘယ်သူမှ ဘာမှမပြောရဲဘူး။ ပြီးရင် အိမ်တွေကို မိးရှို့သွားတယ်။ မြို့ပျက်ကြီးလို ဖြစ်နေပြီ"

မြို့ပေါ်က ဈေးဆိုင်တွေ အားလုံးနီးပါးလည်း ဖောက်ထွင်းခိုးယူခံထားရတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ မိုးမိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ကျွန်မတို့ဆိုင်လည်း ဖောက်ခံထားရတာ ဘာမှမကျန်တော့ဘူး။ မြို့ထဲက ဆိုင်တိုင်းလိုလိုပဲ။ လူမရှိတော့ ပိုဆိုးတာပေါ့။ အခုတော့ မြို့ထဲမှာ တချို့ပြန်လာနေကြပြီ"

တိုက်ပွဲကာလအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးထိမှန်တာကြောင့် မိုးမိတ်ဈေး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေအပါအဝင် နေအိမ်အလုံးနှစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး အခုနောက်ပိုင်းဖောက်ထွင်းခိုးယူမီရှို့ခံရလို့ နေအိမ်တစ်ရာနီးပါး ပျက်စီးခဲ့ပြီလို့ မိုးမိတ်မြို့ခံအချို့က ပြောပါတယ်။

မိုးမိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းအချို့နဲ့ ရဲစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကျောင်းသားတပ်မတော် ABSDF၊ PDF ပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတာပါ။

KIA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇန်န်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းအထိ မိုးမိတ်မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကို အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မိုးမိတ်မြို့ကို ပြန်လည်ထိန်ချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

မိုးမိတ်မြို့ပေါ်က နေအိမ်တွေ ဖောက်ထွင်းမီးရှို့ခံနေရတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး မြို့ခံအချို့ နေရပ်ပြန်လာနေကြပြီး နေအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ တခြားမြို့တွေကို ပြန်လည်ထွက်ခွာ သွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၂၇ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှစ်ခု အပါအဝင် လက်နက်ကြီးနဲ့ လေကြောင်းကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။