လားရှိုး - နမ္မတူလမ်းပေါ်က အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
2024.01.01

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - နမ္မတူကားလမ်း၊ အီနိုင်းရွာမှာရှိတဲ့ အီနိုင်းတံတားဟာ ဇန်နဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်း မိုင်းခွဲခံရပြီး အလယ်ကနေ ကျိုးကျပျက်စီးသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနေ့ညကနေ ဒီနေ့မနက်အစောအထိ ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံ အကျယ်ကြီး လေးချက် ကြားခဲ့ရပြီးနောက် ဒီနေ့မနက်မှာ တံတားထက်ပိုင်းကျိုးနေတာကို တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အီနိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က ကိုးနာရီမှာ တစ်လုံး အကျယ်ကြီးပဲ။ ၁၁ နာရီခွဲလောက်မှာ တစ်လုံး ပေါက်ကွဲသံကြားရတယ်။ တခြားအသံတွေနဲ့ မတူဘူး။ တခြားအသံတွေ ဒီလောက်ထိ မကျယ်ဘူး။ တစ်နာရီမှာတစ်လုံး၊ ဒီမနက် သုံးနာရီ နည်းနည်းကျော်ချိန်မှာ တစ်လုံး။ အကျယ်ကြီး အဲဒီလေးလုံးကွဲသံပေါ့။ ဒီမနက်ကျတော့ တံတားကျိုးနေတယ်ဆိုတော့ သွားကြည့်ခဲ့သေးတယ်။ ပတ်ဝန်းကျင်ကတော့ ဘယ်သူမှမရှိတော့ဘူး။ တံတားနဲ့ နီးနီးကပ်ကပ်အိမ်တွေလည်း သေနတ်ထိထားတာ အပေါက်ကြီးပဲ။ နေလို့မရတော့ဘူး။ တံတားတစ်လျှောက်ကတော့ မည်းတူးနေတာ။ လူလည်းမရှိဘူး။ စစ်သားလည်းမရှိဘူး။ သွားကြည့်တဲ့လူတွေပဲရှိတယ်"
အီနိုင်းတံတားဟာ လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့ကို အဓိကဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး လက်ရှိမှာ တံတားကျိုးသွားတဲ့အတွက် လူ၊ ဆိုင်ကယ်၊ ကား အားလုံး လုံးဝဖြတ်မရတော့ဘူးလို့ ဆိုပါတယ်။
ရေထဲကနေဖြတ်ကူးပြီး သွားဖို့ကလည်း ရေကများနေသေးတာကြောင့် ဖြတ်သန်းဖို့ မလွယ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တံတားကျိုးကျတဲ့အခြေအနေဟာ လက်နက်ကြီးထိမှန်တဲ့ပုံစံမဟုတ်ဘဲ မိုင်းခွဲ ဖျက်ဆီးထားတဲ့ ပုံစံဖြစ်တယ်လို့ ဒီအခြေအနေကိုသိတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်ပိုင်းတွေက TNLA ကလည်း အီနိုင်းဘက်မှာရောက်နေတော့ လားရှိုးကို တက်လာမှာစိုးလို့ ဗမာစစ်တပ်က မိုင်းခွဲပျက်စီးလိုက်တာဖြစ်နိုင်တယ်။ ဒီတံတားက လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက စစ်တပ်က တံတားထိပ်မှာ ရှိနေသေးတယ်။ အဲဒီကတည်းက တံတားအောက်က တိုင်မှာ မိုင်းကိုကပ်ထားပြီးသားတဲ့။ အဲဒီမိုင်း ကပ်ထားတာကို ဈေးသည်တစ်ယောက်က တွေ့ခဲ့တာ။ ရွာကို အကြောင်းကြားတယ်။ ရွာက လူတွေကို ပြောပြတယ်ပေါ့။ အဲဒီမှာ မိုင်းထောင်ထားတယ်ပေါ့။ ရွာက လူတွေလည်း မသွားကြတော့ဘူး။ အဲဒါနဲ့ပြီးရော လေးရက်နေတော့ စစ်တပ်က အကုန်လုံးက ဒီ (လားရှိုး) ဘက်ကို ဆုတ်လာလိုက်တာ။ ဆုတ်လာပြီး ခွဲတာက ဒီနေ့မှာ ခွဲလိုက်တာ။ လားရှိုးသုသာန်အကျော်မှာ အီးနိုင်ရွာရှိတာလေ။ အခုတော့ သွားလို့ရတာ နမ့်ပေါင်လမ်းတစ်လမ်းရှိတယ်ပေါ့။ နမ့်ပေါင်ကနေဆိုရင် တောင်ကြီးလမ်းကြောဘက် ရောက်သွားမယ်။ မန္တလေးကို တောင်ကြီးဘက်မတက်ဘဲနဲ့ နောင်ချိုဘက်ပြန်ဆက်ပြီး ရွာတွင်းလမ်းတွေသွားတာတော့ ရှိတယ်။ ကားသမားတွေတော့ အဲဒီလိုပြောပြတယ်"
တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
တအာင်းတပ်မတော် (PSLF/TNLA) ကတော့ အီနိုင်းတံတားကို လားရှိုးမြို့ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်မှာ လာရောက်မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့တာလို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့မနက် တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်ဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဇန်နဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်း လားရှိုး - နမ္မတူလမ်းပိုင်းက အီနိုင်းတံတားကို TNLA၊ KIA ပူးပေါင်းအဖွဲ့တွေ မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် လုံးဝအသုံးပြုလို့မရတော့ဘူးလို့ ရေးထားပါတယ်။