ကျုံအိတ်တံတား ဖျက်ဆီးခံရမှု ကားအစီးရေ ရာနဲ့ချီ ဆက်လက်ပိတ်မိနေ
2024.05.13

ရန်ကုန်-မော်လမြိုင်ကားလမ်း မွန်ပြည်နယ် ဘီးလင်းမြို့အနီးက ကျုံအိတ်တံတားမိုင်းခွဲ ဖျက်ဆီးခံလိုက်ရပြီးနောက် မေလ ၁၃ ရက် ဒီနေ့အထိ ကားအစီးရေ ငါးရာခန့် ဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ပိတ်မိနေသူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ကျုံအိတ်တံတား ဖျက်ဆီးခံရပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေဘက်က တံတားကိုရှောင်ကွင်းသွားတဲ့ ကျေးရွာချင်းဆက်လမ်းကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ လမ်းကျဉ်းနေတဲ့အတွက် ယာဉ်အစီးရေနဲ့မမျှဘဲ ပိတ်မိနေတာလို့ ဆိုပါတယ်။
ရှောင်ကွင်းလမ်းဖြစ်တဲ့ ရွှေရောင်ပြရွာနဲ့ မိုးကောင်းရွာကားလမ်းမှာ ကုန်ကားတွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ လူနာတင်ယာဉ်တွေ ပိတ်မိနေတာကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ပရဟိတအဖွဲ့တွေက ထမင်းထုပ်နဲ့ သောက်ရေဘူးတွေ ဝေငှပေးနေတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယာဉ်မောင်းချိန် ၁၅ မိနစ်ခန့်ကြာတဲ့လမ်းဟာ လက်ရှိမှာတော့ အချိန်နှစ်ရက်လောက်ကြာတဲ့အထိ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၁၅ မိနစ် မောင်းရမယ့်ဟာကို အခုဟာက တစ်ရက်၊ နှစ်ရက်လောက် ကြာနေတာပေါ့။ အခု ဒီအတိုင်း ပိတ်နေမယ်ဆိုရင်တော့ နောက်ထပ်ငါးရက်ကြာလည်း ငါးရက်ပိတ်မိနေမှာပဲ။ ဆယ်ရက်ကြာလည်း ဆယ်ရက် ပိတ်မိနေမှာပဲ။ ဒီပုံစံက ကားတွေက ရှေ့တိုးနောက်ဆုတ် မရတော့ဘူးလေ။ ဘေးမှာလမ်းခွဲ မရှိတော့ဘူး။ လမ်းလေးကကျဥ်းတယ်"
KNLA နဲ့ ပူးပေါင်းတပ်တွေဘက်ကတော့ စစ်ကောင်စီတပ်က ဒီလမ်းကိုအသုံးပြုပြီး လူ၊ လက်နက်နဲ့ ရိက္ခာပို့ဆောင်တာတွေ လုပ်နေတာကြောင့် မိုင်းခွဲဖြတ်တောက်ခဲ့တာဖြစ်ပြီး ခရီးသည်တွေအတွက် လမ်းလွှဲက သွားနိုင်အောင် စီစဉ်ပေးထားကြောင်း ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ KNLA ပူးပေါင်းတပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ စစ်ရေးအရ ရန်သူသွားတဲ့လမ်းကြောင်းပဲ ကျွန်တော်တို့ ချိုးတာပါ။ ပြည်သူတွေ ထိခိုက်နစ်နာမယ့်ဟာ ဘာမှမပါပါဘူး။ ပြည်သူတွေသွားလာဖို့အတွက် ရွှေရောင်ပြကနေပြီးတော့ လမ်းတွေရှိပြီးသားပါ။ ပြည်သူတွေအတွက် လုံးဝအခက်အခဲမရှိပါဘူး"
စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကတော့ အဲဒီနေရာမှာ နယ်မြေလုံခြုံရေးဆောင်ရွက်ပြီးတာနဲ့ တံတားပြန်လည်တည်ဆောက်ရေးကို အမြန်ဆုံးလုပ်မယ်လို့ RFA ကို ပြောပါတယ်။
"တော်တော်များများ ဒုက္ခရောက်တယ်။ ဟိုဘက်လာတဲ့သူတွေလည်း ဒုက္ခရောက်တယ်။ ရထားနဲ့သွားနေတာတွေလည်း ရှိပါတယ်။ လုံခြုံရေးကောင်းရင်တော့ ကျွန်တော်တို့ အမြန်ဆုံး လုပ်မှာပါ။ သိတဲ့အတိုင်းပဲ လွယ်လွယ်ကူကူ လုပ်လို့မရဘူးလေ။ တံတားတစ်ခု တည်ဆောက်ရတာ”
မေလ ၁၁ ရက် ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတဲ့နေ့ကတော့ တံတားနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဝန်းကြီးရွာက ဒေသခံနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNLA ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
မေလ ၁၂ ရက်နေ့မှာလည်း ရွှေရောင်ပြရွာကို စစ်ကောင်စီတပ်က အမြောက်နဲ့ပစ်ခတ်ခဲ့လို့ အရပ်သားတချို့ ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။