စစ်ဘေးဒုက္ခသည်တွေအတွက် ဒိန်းမတ်က ဒေါ်လာ ၃.၈ သန်း လှူဒါန်း

မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို ဒိန်းမတ်နိုင်ငံက လှူဒါန်းခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ဒိန်းမတ်သံရုံးက ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတစ်ဆင့် ဒီငွေတွေကို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး အကြီးအကဲ Mr Anders Graugaard တို့ဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်ခဲ့ကြပါတယ်။
ဒိန်းမတ်သံရုံး အကြီးအကဲ Mr Graugaard က "သူတို့အားလုံးဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့ ပြန်ချင်နေကြတယ်"လို့ သူမြင်တွေ့ခဲ့တာကို ပြောပါတယ်။
WFP ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr Anderson က ဒိန်းမတ်ရဲ့ လှူဒါန်းငွေတွေကို မြန်မာနိုင်ငံတစ်ဝန်းလုံးက အရေးပေါ် အကူအညီလိုနေသူတွေဆီ ပေးသွားမယ်လို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေကောင်းလာတာနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။
တောင်ကြီးမြို့မှာ စားနပ်ရိက္ခာ သိုလောင်ရုံတစ်ရုံ ဆောက်ပြီး ရှမ်းနဲ့ ကယားပြည်နယ်ကသူတွေကို အကူအညီပေးနေတယ်လို့ WFP ကပြောပါတယ်။
နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးခွင့်ပြုဖို့လည်း WFP ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။