ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.01.26
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေး ကယားပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်‌နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

လက်နက်အပြည့်အစုံနဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ဒေသခံ သုံးထောင်ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါစဲရွာ၊ ဒေါတမြေးရွာ၊ နန်းဟူးထွေရွာ စတဲ့ ရွာ ၁၁ ရွာနဲ့ စစ်ဘေးဒုက္ခသည်စခန်း သုံးခုက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကြောင်းက လက်ရှိမှာ နန်းဟူးထွေရွာအနီးကို ရောက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရွာတွေကို ပစ်ခတ်နေတာကြောင့် ထွက်ပြေးနေရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ ညွှန်ကြားရေးမှူး ဦးဗညားက ပြောပါတယ်။

"စစ်ကြောင်းတွေက လက်နက်မျိုးစုံရော၊ တင့်ကားတွေရော ပါလာတယ်။ ဒေသခံတွေက ဒီနေ့အထိ ရွှေ့နေတုန်းပဲ။ ဘာမှမပြင်ဆင်ဘဲ ရွှေ့လိုက်ရတာဆိုတော့ နေရေးထိုင်ရေးက တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ဆို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပြေးနေကြရပါတယ်"

လက်ရှိမှာ ရာသီဥတု အအေးလွန်ကဲတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးအတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၀ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ်ရဲ့ မြို့အဝင်အထွက် လမ်းတွေကို ပိတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆိုမြို့နယ် အတွင်းမှာပဲ လှည့်ပတ်ထွက်ပြေးနေရတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

"လမ်းတွေအကုန်ပိတ်ထားတော့ အများစုက လွတ်မယ်ထင်တဲ့နေရာကို ပြေးရတာပေါ့။ ဆီဈေးကလည်းကြီး၊ ပစ္စည်းသယ်ဖို့ ကားလည်းမရှိတော့ တစ်ပိုင်တစ်နိုင်ပဲ သယ်ခဲ့တာ။ ဘာဆိုဘာမှမယူခဲ့လိုက်နိုင်ဘူး၊ လောကငရဲ ခံစားနေရသလိုပါပဲ။ တစ်ခါတစ်လေ မပြေးတော့ဘဲ အသေပဲ ခံလိုက်ချင်တော့တယ်"

ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ-၁၀၂ ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ပုန်းခိုနေတဲ့ တောတောင်တွေထဲကို ညစဉ်ပစ်ခတ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ ကယားပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်နီးပါးကာလ အတွင်း ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ရှိပါတယ်။ ဒါဟာ တစ်ပြည်နယ်လုံးမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။