စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် နယ်သာလန်မှာ ဆန္ဒပြတောင်းဆို

မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ အထူးစုံစမ်းစစ်ရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ တောင်းဆို ထောက်ခံတဲ့ ဆန္ဒပြပွဲကို အောက်တိုဘာ ၂၂ ရက် ဒီနေ့ နယ်သာလန်နိုင်ငံ the Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးရှေ့မှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆၀ ဝန်းကျင်လောက် ဆန္ဒပြကြပါတယ်။

2010.10.22
depeyin_massacre_thugs_305_z.jpg ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: Ad Hoc Commission on Depayin Massacre- Burma)
Ad Hoc Commission on Depayin Massacre (Burma)

ဒီနေ့ ဆန္ဒပြမှုကို နယ်သာလန်အခြေစိုက် မြန်မာ့ဒီမိုကရေစီ အင်အားစု (BDC) နဲ့ နယ်သာလန် နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပူးတွဲကျင်းပတာ ဖြစ်ပါတယ်။

ဦးဆောင်စီစဉ်ခဲ့တဲ့သူတွေထဲက မြန်မာ့ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင် ကိုညီညီက ဒီနေ့ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး RFA ကို ပြောပြပါတယ်။

“ကျွန်တော်တို့ ဒီနေ့ကတော့ တစ်အချက် ရှစ်လေးလုံး နောက်ပိုင်း ၂၂ နှစ်တာ ကာလအတွင်း နဝတ တဖြစ်လဲ နအဖ စစ်အာဏာရှင်လက်အောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ တိုင်းရင်းသား မျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီ နအဖကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးဖို့ ကျွန်တော်တို့ လာတောင်းဆိုတယ်။ နောက် တချက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ ကျွန်တော်တို့ အခုလို လုပ်ခြင်းဟာလည်း နအဖနဲ့ ကျွန်တော်တို့ ဒီမိုကရေစီများကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ရတာလည်း ဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၀၃ ခုနှစ်က ဒီပဲယင်းမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို လုပ်ကြံမှုဟာလည်း လူသားထုအပေါ် လူမဆန်စွာ ရက်စက်မှု ဖြစ်တဲ့အတွက် ကုလသမဂ္ဂကနေ စုံစမ်း ဖော်ထုတ်ပေးဖို့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လက ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရဟာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အတွက် ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲွ့ပြီး စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ ထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။