ဒီပဲယင်းက စစ်ဘေးဒုက္ခသည်တွေ တစ်ရက်ကို ထမင်းတစ်နပ်သာ စားနေရ

ဒီပဲယင်းမြို့နယ် စစ်ဘေးဒုက္ခသည်များအား ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ထမင်း၊ ဟင်းများ လှူဒါန်းနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဥ်။
ဒီပဲယင်းမြို့နယ် စစ်ဘေးဒုက္ခသည်များအား ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ထမင်း၊ ဟင်းများ လှူဒါန်းနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ဒီပဲယင်းမြို့နယ် ညီနောင်များ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ သြဂုတ် ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး အခုအချိန်အထိ မပြန်နိုင်ကြသေးတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ရှားပါးလာလို့ တစ်ရက်ကို ထမင်းတစ်နပ်ပဲ စားရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ရှိပြီး ဒီပဲယင်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်၊ တောင်ပြင်ရပ်ကွက်၊ လယ်တော်ရပ်ကွက်၊ ကံပြားရွာနဲ့ အင်းတန်းရွာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

တစ်လကျော်အကြာ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာကြောင့် စားနပ်ရိက္ခာ အကူအညီပေးရေးအဖွဲ့တွေလည်း ကူညီဖို့ အခက်အခဲ ဖြစ်လာနေတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်းဒေသခံတစ်ဦးကတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ RFA ကို ပြောပါတယ်။

“အခုက ရေရှည်ဖြစ်လာတော့ သူတို့က တော်တော်လေး ဒုက္ခရောက်နေတာ။ သူတို့ တစ်ရက်ကို ထမင်းတစ်နပ်လောက်ပဲ စားရတဲ့အကြောင်း ပြောတယ်။ အဲဒီတစ်နပ်လေးတောင် ဖြစ်သလို သူတို့စားနေရတာ။ သူတို့မှာ ထမင်းတောင်မှ နေ့ခင်းတစ်နာရီလောက်မှ ညနေစာရော အဆင်ပြေအောင်ဆိုပြီးတော့ ချက်စားနေရတဲ့သူလည်း ရှိတယ်”

စစ်ဘေးဒုက္ခသည်တွေဟာ ဆန်၊ ဆီ စတဲ့ရိက္ခာတွေ အဓိကပြတ်လပ်နေပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံစားသောက်နေသူတွေရှိသလို ကူညီရေးအဖွဲ့တချို့ရဲ့ လှူဒါန်းမှုတွေနဲ့ လတ်တလော စားသောက်နေရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စားဝတ်နေရေး ခက်ခဲနေတာကြောင့် လတ်တလော နေထိုင်စားသောက်ဖို့အတွက် ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ဖို့ စီစဥ်နေကြတယ်လို့ ဒီပဲယင်းမြို့က နောက်ထပ်ဒေသခံတစ်ဦးကလည်း RFA ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ ဆက်သွယ်ခဲ့ပေမဲ့ လတ်တလော မအားသေးတဲ့အကြောင်း ပြန်လည်ပြောဆိုပါတယ်။

ဒီပဲယင်းမြို့ကို သြဂုတ် ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ စစ်အင်အား ဖြည့်တင်းလာမှုကြောင့် အဲဒီညနေမှာပဲ ပြန်ပြီးလက်လွှတ်လိုက်ရပါတယ်။