စစ်အာဏာသိမ်း ၂၂ လအတွင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်မှာ အရပ်သား ၄၀၀ သေဆုံး
2022.12.01

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၂၂ လတာကာလအတွင်း အရပ်သား ၄၀၀ သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့သတင်း ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာခံရတာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ မိုင်းနဲ့လက်နက်ကြီးကျည်ကြောင့် သေဆုံးရသူပေါင်း ၂၈၄ ဦး ရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ရှောင်ရင်း သေဆုံးသူကျတော့ သုံးမျိုးရှိတယ်။ တချို့က စစ်ရှောင်စခန်းမှာ ဆေးဝါးမလုံလောက်လို့ မသေသင့်ဘဲသေရတာမျိုးပေါ့၊ နောက်တစ်မျိုးက စစ်ကောင်စီ က လေကြောင်းကနေ စစ်ရှောင်စခန်းတွေကို တိုက်ခိုက်တာရယ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးပေါ့၊ ကျနော်တို့ အဲလိုတော့ ခွဲခြား မှတ်တမ်းတင်ထားတယ်"
စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရသူကတော့ ၁၁၆ ဦး ရှိခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်း ၂၂ လတာကာလအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၄၅ ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်ပေါင်း ၁၈၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်ကတော့ ၁၆၅၆ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမရှိပါဘူး။
စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ဘာသာရေးအဆောက်အအုံ ၂၇ ခုနဲ့ နေအိမ် ၁၂၉၃ လုံး ပျက်စီးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီက ဖမ်းဆီးတာကို ခံထားရသူပေါင်း ၂၇၈ ဦးရှိပြီး အဲဒီထဲမှာ ကိုးဦးသာ ပြန်လည်လွတ်မြောက်တယ်လို့ ဆိုပါတယ်။
PKPF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။