မူဆယ်မှာ စွန့်ပစ်ထားတဲ့ အလောင်းသုံးလောင်းတွေ့ရှိ

RFA Burmese
2023.10.22
မူဆယ်မှာ စွန့်ပစ်ထားတဲ့ အလောင်းသုံးလောင်းတွေ့ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ လမ်းဘေးအမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ထားသည့် အလောင်း သုံးလောင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရစဉ်။
လက်ဖက်ညွန့် လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကျင်စန်းကျော့ဂိတ်သွားရာ လမ်းဘေးအမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အလောင်းသုံးလောင်းကို အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သားအဖ အမျိုးသားနှစ်ဦးနဲ့ အလုပ်သမား စာရေးမ အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေကို လက်ပြန်ကြိုးတုပ်ပြီး အိတ်သုံးလုံးနဲ့ စွန့်ပစ်ထားတာလို့ ဆိုပါတယ်။

မိသားစုဝင်တစ်ဦးရဲ့ပြောကြားချက်အရ သေဆုံးသူသုံးဦးဟာ ကျပ်ငွေသိန်းတစ်ရာနဲ့အတူ ကုန်ပစ္စည်းဝယ်ဖို့ ထွက်သွားရာက အဆက်အသွယ်မရတော့ဘဲ တစ်ပတ်လောက်အကြာမှာ အလောင်းပြန်တွေ့ရတာလို့ သိရကြောင်း လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"သူ့ရဲ့အမျိုးသမီးပြောတာက ပိုက်ဆံ သိန်းတစ်ရာယူပြီးမှ ကျယ်ဂေါင်မှာ ပစ္စည်းသွားဝယ်တာပေါ့။ အဲဒီနောက်ပိုင်း ဖုန်းအဆက်အသွယ် မရတော့ဘူးလို့ပြောတယ်"

မူဆယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး လောင်းကစားလုပ်ငန်းတွေ များလာတာကြောင့် ဒီလိုကိစ္စတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ သူကပြောပါတယ်။

ဘာကြောင့်အသတ်ခံရသလဲဆိုတာနဲ့ ဘယ်သူတွေကလုပ်ခဲ့သလဲဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အခုကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ သေဆုံးသူရဲ့မိသားစုဝင်တစ်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ အလုပ်များနေတာကြောင့် မဖြေကြားနိုင်သေးတဲ့အတွက် တုံ့ပြန်ချက်မရခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့တွေမှာ ဒုစရိုက်မှုတွေ ပိုများလာတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူ လေးဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ သေဒဏ်စီရင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။