မြစ်ဆုံဆည်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး တရုတ်သံရုံးရှေ့မှာ မြန်မာမိသားစုများ ဆန္ဒပြ
2011.10.09

ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ မမြတ်ယဉ်ချောက- သမ္မတဦးသိန်းစိန်က မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမယ်လို့ကြေညာခဲ့တဲ့အတွက် ဝမ်းသာကြောင်း၊ ပြည်သူ့အသံကို နားထောင်တဲ့အတွက် ကျေးဇူးလည်း တင်ပါကြောင်း၊ ဒါပေမယ့် ဒီစီမံကိန်းဟာ မြန်မာပြည်အတွက် အလွန် အန္တရာယ်ကြီးလှတဲ့အတွက် လုံးဝ ဖျက်သိမ်းစေချင်ကြောင်း၊ ဒီစီမံကိန်းမှာ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားတွေ အများအပြား ပါဝင်နေတဲ့အတွက် တရုတ်သံရုံးရှေ့မှာ လာရောက် ဆန္ဒပြကြတာ ဖြစ်ကြောင်း ပြောပါတယ်။
မနေ့က ဆန္ဒပြပွဲမှာ မေရီလဲန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်နဲ့နယူးယောက်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မိသားစုဝင် ၅ဝ နီးပါး စုပေါင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်း ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သမ္မတဦးသိန်းစိန် ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ မြစ်ဆုံဆည် ဆောက်လုပ်ရေး တာဝန်ယူနေတဲ့ CPIC ကုမ္ပဏီ အကြီးအကဲက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ပြောဆိုရတာတွေ ရှိလာနိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။