ထားဝယ်ရေနက်ဆိပ်ကမ်းအနီး စစ်ကြောင်းဝင်နေလို့ ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ
2023.10.25

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး နဘူးလယ် ဒေသမှာ အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ရွာတွေထဲ စစ်ကြောင်း ထိုးနေလို့ ရွာငါးရွာက ဒေသခံနှစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၂၄ ရက်ကစလို့ နဘူးလယ်ဒေသက လဲရှောင်၊ ပရဒတ်၊ ထိန်ကြီး ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် လဲရှောင်ရွာက နေအိမ် ဆယ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မူးဒူး၊ ဧကနိ စတဲ့ရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေကြရတာပါ။
အောက်တိုဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာလည်း လဲရှောင်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေမီးရှို့နေပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နဘူးလည် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“လဲရှောင်မှာ မနေ့ညနေကတည်းက မီးရှို့နေတာ။ ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့၊ တောနင်းနေတာ တစ်ဖွဲ့၊ ရွာအပြင်မှာ ကင်းကတစ်ဖွဲ့နဲ့ ရွာထဲမှာရှိနေသေးတယ်။ ဘဝါရွာဘက်ကိုထွက်သွားတဲ့ စစ်ကြောင်းက ပြန်ဝင်လာတာ။ ဒီမနက်လည်း မီးရှို့နေသေးတယ်”
ရေဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လဲရှောင်ရွာထဲတပ်စွဲပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခြေမြန်တပ်ရင်း ခမရ - ၄၀၆၊ ၄၀၇၊ ၁၀၄ နဲ့ ခြေလျင်တပ်ရင်း ခလရ - ၂၅ က ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုအကောင်အထည်ဖော်ဖို့ နဘူးလယ်ဒေသကို နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေ နေရပ်စွန့်ခွာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ နဘူးလယ်ဒေသက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကိုယ်တိုင်သွားကြည့်ခဲ့သလို စီမံကိန်းကို စနစ်တကျနဲ့ ဆက်ပြီး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဝန်ကြီးတွေကို ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကလည်း ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နှစ်လမ်းသွားကားလမ်း တည်ဆောက်ဖို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးအောင်လုပ်မယ်လို့ စီမံကိန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့က ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။