ထားဝယ်က သံဃာတော်တွေ ကံဆောင်သပိတ်မှာ ပါဝင်လာ
2024.06.30

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုကို တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က သံဃာတော်တွေလည်း ဇွန်လ ၃၀ ရက်နေ့မှာ ပူးပေါင်းပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံဆောင်သပိတ်မှာ ပါဝင်တဲ့ သံဃာတော်တချို့နဲ့ ဝန်းရံတဲ့ ပြည်သူတချို့ ပူးပေါင်းပြီး မနေ့က ထားဝယ်မြို့နယ်ထဲမှာ စီတန်းလှည့်လည်ခဲ့တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သံဃာ ၁၁ ပါးလောက်ပါတယ်၊ ပြည်သူတချို့လည်း ပါတယ်ပေါနော်။ စီတန်းလှည့်လည်တယ်။ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတယ်”
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၃၀ ရက် မနေ့ကအထိ တစ်ပတ်ကျော်အတွင်းမှာတော့ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်နဲ့ မြင်းမူ မြို့နယ်တွေလည်း ကံဆောင်သပိတ်မှာ ပါဝင်လာပါတယ်။
ဒီ့အပြင် မကွေးတိုင်းထဲက မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေနဲ့ တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်က သံဃာတွေတွေ ပါဝင်ခဲ့တာကြောင့် သပိတ်မှောက်ကံဆောင်တဲ့တဲ့ မြို့နယ် ၁၃ ခုအထိရှိလာပါတယ်။
သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။
ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။