မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန်လက်ထောက် ဝန်ကြီးသစ် ပြောကြား
2014.02.25

မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် မြန်မာ့တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ရေး ဟာ အလွန်အရေးကြီးကြောင်း အမေရိကန် ပြည်ထောင်စု၊ အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီးသစ် David Shear က အင်္ဂါနေ မနေ့က ပြောကြားလိုက်ပါတယ်။
သူ့ကို လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုရေးအတွက် အမေရိကန် အထက်လွှတ်တော်က မေးမြန်းရာမှာ Mr. Shear က မြန်မာစစ်တပ်ရဲ့ ထောက်ခံမှုမရှိရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အောင်မြင်ဖွယ် မရှိကြောင်းနဲ့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်အနေနဲ့မြန်မာ့တပ်မတော်နဲ့ အကန့်အသတ်ထား ဆက်ဆံရေးကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။
အိုးဘားမားအစိုးရဟာ မြန်မာ့တပ်မတော် အသွင်ကူးပြောင်းရေးကို အားပေးမှုအဖြစ် စစ်ဖက်ဆိုင်ရာ ဥပဒေတွေ၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို စတင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ဆက်လက်ချိုးဖေါက်နေမှုတွေကို ထောက်ပြပြီး တိုက်ခိုက်ရေးနဲ့ မပတ်သက်တဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေကိုတောင် တိုးချဲ့ခြင်းမပြုဖို့ အမေရိကန်လွတ်တော်က ဖိအားပေးတာကို ရင်ဆိုင်နေရပါတယ်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လတ်တလော တာဝန်ထမ်းဆောင်ခဲ့တဲ့ Mr. Shear ကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးနဲ့ စီးပါွးရေးအပေါ်လက်ဝါးကြီးအုပ်မှုတွေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ရှင်းရှင်းလင်းလင်း ရှုမြင်သင့်ကြောင်းနဲ့ အဲဒီလို စစ်ရေးပူးပေါင်းမှုတွေကို တိုးချဲ့ရာမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြောင်းလဲရေးတွေကို အထောက်အကူပြုရမှာဖြစ်ကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါတယ်။