ကျောင်းစာကြည့်တိုက်က စာအုပ်တွေ ကို သော့မခတ်ဖို့ အတိုင်ပင်ခံပြော
2018.08.28

တက္ကသိုလ်ကျောင်းအသီးသီးက စာကြည့်တိုက်တွေမှာရှိတဲ့ စာအုပ်တွေကို သော့ခတ်သိမ်းမထားဘဲ ကျောင်းသူ၊ ကျောင်းသားတွေ ဖတ်ရှုနိုင်အောင် ထားပေးဖို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ ပါမောက္ခချုပ်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရသစာပေ စကားဝိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ်ပါတယ်။
စာကြည့်တိုက်ထဲမှာ ရှိတဲ့ စာအုပ်တိုင်းကို ဖတ်ရှုနိုင်အောင် စီစဉ်ထားဖို့ ပြောကြားပေမယ့် တန်ဖိုးရှိတဲ့ စာအုပ်တွေကိုတော့ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ပြီး ဖတ်ရှုလေ့လာနိုင်ဖို့ စီစဉ်ပေးသင့်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ကျောင်းဆရာလုပ်ချင်သူတွေ ပိုများလာဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပါတယ်။
ဒီနေ့ကျင်းပတဲ့ ရသစာပေ စကားဝိုင်းမှာ ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်စတဲ့ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား ပါဝင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း မန္တလေးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ စာပေစကားဝိုင်း ကျင်းပခဲ့ပါတယ်။