ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ရုံးထုတ်

2022.01.31
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ရုံးထုတ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၉ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: AFP

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲ မဲမသမာမှုစွဲချက်နဲ့ စစ်ကောင်စီ အထူးတရားရုံးမှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ စတင်ရုံးထုတ်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာ အသုံးပြုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရာဇတ်သတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က တရားလိုပြုလုပ်ပြီး တရားစွဲထားတာပါ။

ရိုးရှင်းတဲ့အမှုဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့သလို လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ တရားလိုကို စတင်စစ်ဆေးမယ်လို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၆ ခုနဲ့ တရားစွဲခံထားရပါ။

ဒီနေ့အမှုနဲ့ပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုပေါင်း ၁၇ မှုအထိရှိလာပြီး အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရထားရပါတယ်။

အဲဒီအမှုအားလုံး အမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ ချမှတ်ခံရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် နှစ်ပါင်း ၁၆၀ ကျော်အထိ ကျခံရနိုင်တယ်လို့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။