အားလုံးပါဝင်ပြီး ကတိတည်မယ့် အပစ်ရပ်စာချုပ် ဖြစ်စေ လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2015.08.26

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး အားလုံးကလည်း ကတိတည်မယ့် အပစ်ရပ်စာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြစေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။
"အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဖြစ်စေချင်တာပေါ့၊ တကယ်တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေ ကတိတည်မယ့် စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့၊ ဒါမှပဲ ဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာ"
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာဖြစ် တဲ့အတွက် လက်ရှိကာလမှာ သက်ဆိုင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူထင်မြင်ယူဆပါတယ်၊ စာချုပ်ကိုဖြစ်မြောက်စေချင်သလို အခုလို စာချုပ်တစ်ခု ချုပ်ဆိုဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးပမ်းကြရမယ် ဆိုတာကိုလည်း သူနားလည်ပါတယ်လို့ ပြောကြားပါတယ်။
ဒ့ါအပြင် သူနဲ့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအကြား ရင်းနှီးမှုရရှိဖို့ သူ့ဘက်က ကြိုးစားခဲ့ပေမယ့် မျှော်လင့် သလို ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ဟုတ်ပါတယ် သိပ်ပြီးတော့ ရင်းနှီးမှုမရှိပါဘူး၊ အစ်မတို့လည်း ကြိုးစားပါတယ်၊ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီးတော့ စိတ်ပါလက်ပါမရှိတာပါ"
တဆက်တည်းမှာပဲ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ အမှန်အတိုင်း ဝေဖန်ပြောဆိုခဲ့ကြောင်း လည်း ပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။