ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သွားဖို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား
2013.05.27

ပြည်သူလူထုနဲ့ နိုင်ငံအတွက် ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို NLD ပါတီအနေနဲ့ အဓိကထားလုပ်ဆောင်သွားမယ့်အပြင် ပါတီတွင်းမှာလည်း ခေတ်နဲ့လျော် ညီအောင် ပြုပြင်ပြောင်း လဲဖို့ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
ခေတ်မှီတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ဖို့ဆိုရင် အဖွဲ့ချုပ်ဝင်တွေလည်း တစ်ဦးချင်း ခေတ်နဲ့အညီ စတင်ပြုပြင်ဖို့လိုတယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမကျင်းပခင်မှာ ကြိုးစားခဲ့ကြတဲ့ ကိုယ်စားလှယ်တွေဟာ ရွေးကောက်ခံရပြီးနောက် တာဝန်ယူမှု အားနည်းလာတာတွေကိုလည်း တွေ့ရှိရတာကြောင့် ဆင်ခြင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပထမဆုံးအကြိမ် အန်အယ်လ်ဒီ ဗဟိုကော်မတီ အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကော်မတီဝင်တွေရဲ့ အကြံပြုစာတွေကိုလည်း ဆွေးနွေးကြပြီး ဗဟိုကော်မတီဝင် ၁၀၆ ဦး တက်ရောက်ခဲ့ပါတယ်။