နိုင်ငံရဲ့စိန်ခေါ်မှုတွေကို စုပေါင်းအင်အားနဲ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချ
2018.04.02

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေကို ပြည်တွင်းအင်အားနဲ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာချထားပြီး၊ အပြောင်းအလဲကာလကို ဖြတ်သန်းနေစဉ်အတွင်း နိုင်ငံသားတွေ ညီညွတ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
အစိုးရသက်တမ်း နှစ်နှစ်ပြည့်မြောက်တဲ့ ဧပြီလ ၁ ရက် မနေ့က နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေကတဆင့် တိုင်းပြည်ကို ပြောကြားခဲ့တာပါ။
ဦးဆုံးပထမအနေနဲ့ ပြည်သူကို အရေးအကြီးဆုံး တင်ပြရမယ့် ပထမအချက်ကတော့ သမ္မတသစ်ကို အချိန်တို အတွင်း ရွေးချယ်တင်မြှောက်နိုင်ခဲ့တာဟာ နိုင်ငံရဲ့ရင့်ကျက်တည်ငြိမ်မှုကို ဖေါ်ဆောင်လိုက်တာဖြစ်ကြောင်း ၊ နိုင်ငံတော်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော်ကို ကျေးဇူးတင် ရှိကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတသစ် ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းနေချိန်အတွင်း စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းလည်း ပြောကြား ခဲ့ပါတယ်။
"ကျမတို့တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်စေဖို့ စတင်ရုန်းကန်နေရတဲ့အချိန် မှာ ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းအတွင်းမှာ တာဝန် သိစွာဖြင့် ရပ်တည်နိုင်ရန် အရေးကြီးကြောင်းကို နားလည်အသိအမှတ်ပြုတဲ့အလျောက်၊ ကျမတို့တတွေ ဟာ ကိုယ့်နိုင်ငံရဲ့ အခြေအနေ၊ လိုအပ်ချက်များနဲ့ ကိုက်ညီစွာ လျှောက်လှမ်းရင်းနဲ့ပဲ၊ နိုင်ငံ တကာ အသိုင်းအဝိုင်းရဲ့ အမြင်၊ သဘောထားတွေကိုလည်း အလေးပေးဆောင်ရွက်ရပါတယ်။ အတိတ် ကကျန်ခဲ့တဲ့ အမွေဆိုးတွေကို ဖယ်ရှားကျော်လွှားဖို့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့နေရာမှာ ကျမတို့တွေ သင်ခန်းစာယူနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့ရပါတယ်။ သစ္စာ၊ မေတ္တာ၊ သတ္တိ၊ မုဒိတာ ဘယ်လောက်လိုအပ် တယ်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက် များပြားဆိုးဝါးတယ်၊ မိတ်ဆွေကောင်းတွေ ရဲ့ ကျေးဇူး ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပိုမိုလို့ သိနားလည်လာရပါတယ်။ အားလုံးအထက်မှာ ကျမတို့အတွက် အရေးအကြီးဆုံး သင်ခန်းစာကတော့ ပြည်သူရဲ့ နားလည်ထောက်ခံမှု၊ အားပေးမှုများ ရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးပါပဲ။ ဒါကြောင့် ယခုလာမယ့် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်အတွက် ကျမတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား” ကို အလေးထားပြီး နိုင်ငံရဲ့စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။"
နိုင်ငံတိုးတက်မှုအခြေအနေကို တိုင်းတာလေ့လာကြတဲ့ သုတေသနဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ ဟာ ပြည်သူတွေရဲ့ လက်တွေ့ဘ၀ အနေအထားနဲ့ ကိုက်ညီမှု ရှိချင်မှရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
"နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည်စုံအောင် ဖော်ပြလို့မရပါဘူး။ တခါတလေလည်း အဖွဲ့အစည်းများအကြား ကိန်းဂဏန်းတွက်ချက်မှု မတူတာကြောင့် အဖြေမှန်ကို သိဖို့ခက်ပါတယ်။ ကိန်းဂဏန်းတွေကပြနေတဲ့ အခြေအနေတွေဟာ ပြည်သူများရဲ့ လူမှုဘဝစီးပွားအပေါ် ဘယ်လောက် အစစ်အမှန် သက်ရောက်မှုရှိလဲဆိုတာကသာ အဓိကပါ။ ဥပမာ၊ ယခင်နှစ်အတွင်းမှာ ကျွန်မတို့ ပြည်ပ ဆန်တင်ပို့မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်မားဆုံးအဆင့် ရောက်သွားပါတယ်။ ဒီတိုးတက် မှုဟာ ကျမတို့ တောင်သူလယ်သမားများဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာကတော့ ဒါကအဓိကပါ။ ဒါတွေကို ဆန်းစစ်ပြီးမှ ကျွန်မတို့ရဲ့မူဝါဒ၊ လုပ်ဆောင်မှုတွေကို ချမှတ်ရင်ဆိုင်မှာပါ။ လာမယ့်နှစ်အတွင်း ပြည်သူပြည်သားများအတွက် အမှန်တကယ် အကျိုးဖြစ်စေမယ့် ဆောင်ရွက်မှုများ ကို ထပ်မံသတ်မှတ်ပြီး၊ နှစ်သစ်ကူးချိန်မှာ ချပြသွားမှာဖြစ်ပါတယ်။"
အတိတ်က ကျန်ခဲ့တဲ့အမွေဆိုးတွေကို ဖယ်ရှားကျော်လွှားဖို့၊ နိုင်ငံ့အနာဂတ်မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းနေရတဲ့အခါမှာ သင်္ခန်းစာယူစရာတွေအများကြီး ကြုံတွေ့ခဲ့ရကြောင်း၊ သစ္စာ၊ မေတ္တာ၊ သတ္တိ၊ မုဒိတာ တရားတွေ ဘယ်လောက်လိုအပ်တယ်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက်များပြား ဆိုးရွားတယ်၊ မိတ်ဆွေဟောင်းတွေရဲ့ကျေးဇူး ဘယ်လောက်များပြားတယ်ဆိုတာ ပိုမို သိနားလည်ခဲ့ရကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။