UNFC ကိုယ်စားလှယ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


2017.03.01
unfc-dassk-620.jpg ဒေါ်အောင်ဆန်းစုကြည် နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ မတ်လ ၁ ရက်နေ့ က နေပြည်တော် NRPC ရုံးမှာ တွေ့ဆုံကြစဉ်
Photo: - Myanmar State Counsellor Office FB

NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုစည်းထားတဲ့ "ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC" ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေပြည်တော် မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- DPN ခေါင်းဆောင် ခူးဦးရယ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ အဆိုပြုချက် ၉ ချက်ကို ရှင်းလင်းတင်ပြခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့တွေ့ဆုံပွဲဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနား မှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ယုံယုံကြည်ကြည်နဲ့ လက်မှတ်ထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပြီးနောက်ပိုင်း UNFC အဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး တာ ဖြစ်ပါတယ်။ဒါ့ပြင် UNFC ကိုယ်စားလှယ်အများစုပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့တို့ ပန်ခမ်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် NCA လမ်းစဉ်ကို စွန့်ပြီး၊ ဝ,အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေး ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်မယ့်အကြောင်း သဘောထားကြေညာချက် ထွက်ပေါ်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။