နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးစစ်ဆေးခံပြီး အနား ယူနေ
2016.09.26

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်ခံယူခဲ့တာဖြစ်ပြီး အနားယူဖို့ လိုအပ်တဲ့အတွက် နားနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်မှာ အစီအစဉ်တွေများလွန်းတာကြောင့် နားချိန်နည်းပါးခဲ့ပြီး ပင်ပန်းနွမ်းနွယ်တာ၊ စားသောက်ချိန်မမှန်တဲ့အတွက် အစာအိမ် ရောင်ရမ်းတာနဲ့ ကွန်ပျုတာ အကြည့်များလို့ အရိုးကျည်းပေါင်းတက်တာတွေ ရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။