ပြည်သူကတောင်းဆိုရင် ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ အရှိန်မြှင့်လုပ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2015.05.17
dassk-mudon-305.jpg ဒေါ်အောင်ဆန်းစုကြည် မေလ ၁၇ ရက်နေ့ မနက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ လူထုနဲ့ တွေ့ဆုံစကားပြောနေစဉ်။
Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA

ပုဒ်မ ၅၉ (စ)ဟာ မိမိကို ဦးတည်ပြီး ထည့်သွင်းထားတဲ့ ပုဒ်မဆိုတာသိနေတာကြောင့် ပြင်ဆင်ပေးဖို့ တောင်း ဆိုနေရတာကိုက မျက်နှာပူ စရာဖြစ်နေကြောင်း၊ နိုင် ငံရေးအရ ပြင်ဆင်ရမယ် လို့ ပြည်သူတွေက တောင်း ဆိုလာတယ်ဆိုရင် အဲဒီ့ပုဒ်မကို ပြင်ဆင်နိုင်ဖို့ အရှိန် အဟုန်မြှင့်ပြီး လုပ်ဆောင် သွားမယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကြာကန်ဘောလုံး ကွင်း လူထုဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပရိသတ်တစ်ဦးက ၅၉(စ) ကိုပြင်လို့မရခဲ့ ရင် ပြည်ထောင်စုဝန်ကြီးချုပ်ဆိုပြီး ရာထူးအသစ်နဲ့ ကမ်းလှမ်းခဲ့ရင် လက်ခံမလားလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့ရဲ့ ပြည်သူလူထုဟာ ၅၉ (စ) ကို ပြင်ဆင်ချင်တဲ့စိတ်ရှိမှာလား၊ အဲ့ဒါကို ကျမမေးရတဲ့အကြောင်းက ပွင့်ပွင့်လင်းလင်းပြောရရင် ၅၉ (စ)က ကျမအတွက် ဆွဲထားတဲ့ပုဒ်မကိုး၊ ကိုယ့်အတွက်ဆွဲထားတဲ့ပုဒ်မကို ဖျက်ပေးပါလို့ပြောရတာ တစ်ခါတလေလည်း ကျမမျက်နှာပူတယ်၊ ဒါပေမယ့် တစ်ဖက်ကစဉ်းစားလိုက်ရင် လည်း နိုင်ငံရေးအရ ဖျက်သင့်ဖျက်ထိုက်တဲ့ပုဒ်မဆိုရင် နိုင်ငံရေးအရဖျက်ပေးဖို့ ကျမတို့ တောင်းဆို ရမှာဘဲ အဲ့ဒါကြောင့်မို့လို ကျမကမေးတာပါ"

၂၀၀၈ဖွဲွ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ဟာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်ခွင့် အရည်အချင်းတွေ ကို ကန့်သတ်ထားတဲ့ ပုဒ်မဖြစ်ပြီး နိုင်ငံခြားသားနဲ့ အိမ်ထောင် ဖက် သို့မဟုတ် သားသမီးတွေဟာ နိုင်ငံခြား သားဖြစ်နေရင် ဖြစ်ခွင့်မရှိလို့ ဖော်ပြထားတဲ့ ပုဒ်မဖြစ်ပါတယ်။

သံဖြူဇရပ်မြို့ လူထုဟောပြောပွဲဟာ ၁၉၄၆ ခုနှစ်က ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဖွင့်လှစ်ပေးခဲ့တဲ့ ဓနသဟာယ စစ်သင်္ချ ိုင်း အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေတင်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်းဆိုမှု လက်မှတ် ငါးသန်းဟာ အလဟဿ မဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီကနေ့ သံဖြူဇရပ် လူထုဟော ပြောပွဲကို ဒေသခံ လူဦးရေ ၄ ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်ကို မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုကျော်ဇောဝင်း နဲ့ ကိုကျော်လွင်ဦးတို့က သံဖြူဇရပ်မြို့ကနေ သတင်းပေးပို့ပြီး ကိုကျော်ထွန်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။