၂၀၀၈ အခြေခံဥပဒေ တပ် နဲ့ ပြည်သူ စိတ်ဝမ်းကွဲစေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2013.12.14
dassk-kawmu-305.jpg ရန်ကုန်တိုင်းဒေသကြီး ကောမှူးမြို့နယ် အဖျောက်ကျေးရွာ မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒကောက်ခံပွဲမှာ ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းပြောပြီးနောက် ပြန်လည်ထွက်ခွာစဉ်
photo: RFA/ Kyaw Zaw Win

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကောမှူးမြို့နယ် အဖျောက်ကျေးရွာမှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား အသစ်ပြန်လည်ရေးဆွဲမလား လူထုဆန္ဒကောက်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့တာပါ။

"ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ် စပြီးဖွဲ့ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီးတော့ ကျမတို့လုပ်ခဲ့ပါတယ်၊ ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ ကျမတင်ပြချင်တယ်၊ ဘာဖြစ်လို့ ထိခိုက်စေလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပဲ ကျမပြောချင်ပါတယ်"

ဒီနေ့ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ုအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို အခန်းလိုက် ပုဒ်မအလိုက် ရှင်းပြခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတဲ့အချက်ကို ဆန့်ကျင်တယ်ဆိုတာ တပ်မတော်ကို ဆန့်ကျင်တာ မဟုတ်ကြောင်း၊ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား နားလည်မှုလွဲအောင် ပြောဆိုမှုတွေလည်းရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။

ဒီနေ့ သဘောထား ဆန္ဒကောက်ခံပွဲကို ကော့မှူးမြို့နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်က ပါတီဝင်တွေ ပြည်သူတွေလည်း တက်ရောက်ခဲ့တဲ့အတွက် ပရိတ်သတ် နှစ်သောင်းနီးပါးလောက်ရှိခဲ့ပါတယ်။  တက်ရောက်လာသူတွေအားလုံးရဲ့ ဆန္ဒကို တာဝန်ရှိသူတွေ မေးမြန်းချက်အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုကြောင်း သဘောထားပေးခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ သွားရောက် သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို ကောက်နှုတ် တင်ပြထားပါတယ်။

ဒီကနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ ဥပဒေပညာရှင် ဦးဋ္ဌေးဦး (စိန်ဂျွန်း)တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ရှင်းပြခဲ့တာတွေကို RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။