နိုင်ငံပိုင်သတင်းစာတွေ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော


2015.12.30
dassk-meets-trishaw-620.JPG ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပါဝင်ကူညီခဲ့တဲ့ ဆိုက်ကားဆရာတွေနဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်သတင်းစာတွေဆိုတာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် သူတို့အစိုးရလက်ထက်မှာ ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောဆိုလိုက် ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။

"အစိုးရပိုင် သတင်းစာတွေဘာတွေဆိုတာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ထင်တယ်လေ၊ ဒါပေမဲ့ ဒါကို နေ့ချင်းညချင်း ကျမတို့ မလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှလုပ်မှာပါ၊ ဒါပေမဲ့ သိပ်လည်းအချိန် မဆွဲချင်ဘူး၊ ဒီမိုကရေစီနည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ"

လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို လွှတ်တော်တာဝန်တွေ များနေတာကြောင့် သူတက်ရောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တဆက်တည်းမှာပဲ သူတို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လစာငွေရရှိပြီးဖြစ်တဲ့အတွက် တလုံးတခဲ တည်း နိုင်ငံရေးပင်စင်ချီးမြှင့်ငွေတွေကို နိုင်ငံ့အကျိုးရှိမယ့် စီမံကိန်းတစ်ခုအတွက် လှူဒါန်းမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

"အဲ့ဒီဟာတော့ ကျမတို့ ယူမယ်လေ၊ အားလုံးက ဥပဒေကရတယ်ဆိုတော့ ကျမတို့လွှတ်တော် ကိုယ်စား လှယ်တွေလည်းရတယ်၊ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သဘောတူပြီးပြီ၊ ဒီငွေတွေကို ပူးပေါင်းပြီးတော့ နိုင်ငံကိုအကျိုးဖြစ်တဲ့ စီမံကိန်းတစ်ခုအတွက် လှူဖို့ဆိုပြီးတော့ ကျမတို့ ဆွေးနွေးထားတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုင်းပြည်ပြောင်းလဲချိန်မှာ အသက်ရှင်သန် နေထိုင်ခွင့် ရပြီး နိုင်ငံ့အကျိုးအတွက် ပါဝင်ထမ်းဆောင်နိုင်တဲ့ အခွင့်အရေးတစ်ခု ရရှိနေတာကို မြန်မာပြည်သူပြည်သား အားလုံး ဂုဏ်ယူဝမ်းမြောက်ကြပါလို့လည်း နှစ်သစ်ကူး စကားလက်ဆောင် ပါးလိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။