ဒေါ်အောင်ဆန်းစုကြည်က အစွန်းရောက်မှုရှောင်ဖို့ ပြောကြား


2013.04.04
DASSK-ThoneKhwa-b305 ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်
Photo: RFA/Kyaw Htoon Naing



ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့ လိုကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အမတို့နိုင်ငံက လူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။ ရှိတယ်ဆိုရင်လည်း အမတို့ ဘယ်လိုမှ အားမပေးသင့်ဘူး။ အထူးသဖြင့် အကြမ်းဖက်မှုဆိုတာ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာမရှိဘူး။ ဘာဆင်ခြေနဲ့မှ အကြမ်းဖက်မှုမရှိဘူးလို့ ဒီလို မြင်ပါတယ်"


ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး  ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့ တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒီလိုဖိတ်တာကို ကျေးဇူးတင်တယ်။ နောက်ပြီးတော့ သွားရတာလည်း ဂုဏ်ယူတယ်။တော်လှန်ရေးနေ့လို့ အမတို့က အမြဲခေါ်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့နေ့၊ တပ်မတော်နေ့လို့ ဘာလို့ခေါ်တယ်။ တပ်မတော်ဆိုတာ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ပြောသွားတော့ အရမ်းအားရတယ်။ နောက်ပြီးတော့ ဖေဖေ့ကိုလည်း တပ်မတော် ဖခင်ကြီးအဖြစ် ပြောသွားတော့ ဝမ်းသာတယ်။ အားရတယ်။ တချို့ နိုင်ငံခြားသတင်းဌာနတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရမယ်။ ကာကွယ်ရမယ်လို့ ပြောတာကို မီးမောင်းထိုးပြတယ်။ တကယ်ဆိုလို့ရှိရင် ထူးခြားတဲ့ဟာကို ကြည့်ရမယ်။ မကြည့်ပဲနဲ့ သမာရိုးကျဟာကို မီးမောင်းထိုးကြည့်တာကိုတော့ ချိန်ခွင်လျှာညီမျှမှု ရှိဘူးလို့ ထင်ပါတယ်"

ပုဂ္ဂလိကသတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာဝမ်းသာစရာကိစ္စဖြစ်ကြောင်းနဲ့ ဒီနေ့ လူငယ်သတင်းသမားတွေရဲ့ ကြိုးစားမှုကိုအားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။