ပြည်သူ့ရင်ပြင်မှာ ဒေါ်အောင်ဆန်း စုကြည်ဟောပြောဖို့ ခွင့်ပြုချက်မရ ရှိသေး


2015.10.28
dassk-zayyarthiri-620.jpg အမျိုုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲကျင်းပစဉ်
Photo: Win Naung Toe/RFA

လာမယ့် နိုဝင်ဘာလ ၁ရက်နေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲ အတွက် နေရာခွင့်ပြုချက်မရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပေးမယ်လို့ တိုင်းရွေးကောက်ပွဲ ကော်မရှင် က အကြောင်းပြန်ထားတယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။

"ခွင့်ပြုချက်မရသေးတာပေါ့ဗျာ၊ ကော်မရှင်ကိုလျှောက်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ပြောတယ်ဗျာ၊ အစိုးရအဖွဲ့ကိုပြောတော့လည်း ကော်မရှင်နဲ့ဆိုင်တယ် ပဲပြောတယ်၊ မနေ့ကတုန်းကတော့ ကျနော်တို့တိုင်းအတွင်းရေးမှူးတော့လိုက်ပြီး စီစဉ်ဆောင်ရွက် နေတယ်၊ ကြာသပတေးနေ့ပုံမှန်ကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့အစည်းအဝေး ရှိတယ်လေ၊ အဲ့မှာတင်ပြမယ်လို့တော့ ကျနော်သိရတယ်၊ ကြာသပတေးနေ့ကျမှ ကျနော်တို့ ခွင့်ပြုချက်ရ မရဆိုတာကို ကျနော်တို့ သေချာသိရမယ်၊ ကျနော်တို့ တိုင်းအတွင်းရေးမှူး ကိုထွန်းမြင့် ကိုပြောလိုက်တာကတော့ ဒဂုံမြို့နယ်ထဲမှာ ဒီကွင်းက ကျယ်တယ်ပေါ့နော်၊ ဒဂုံမြို့နယ် က ပြောမယ့်ကိုယ်စားလှယ်မပါလို့တော့ အကြောင်း ပြချက်ပြောသံကြားတာပဲ"

အရင်က အဲဒီဟောပြောပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဆင်မပြေတာကြောင့် မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘောလုံးကွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ကျိုက်ဝိုင်းဘောလုံးကွင်းမှာ နေရာအခက်အခဲကြောင့် ပြည်သူ့ရင်ပြင်ကို ပြောင်းရွှေ့ဖို့ စီစဉ်ကြ တာဖြစ်ပါတယ်။

အဲဒီဟောပြောပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဟောပြောခဲ့ပြီး သူဝင်ရောက် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်မှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။