အာဇာနည်သူရဲကောင်းတွေ ကို လေးစားနေရုံနဲ့ မပြီးဘူး လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2013.07.16

ပြည်သူတွေအနေနဲ့ အာဇာနည်သူရဲကောင်းတွေ ကို လေးစားနေရုံနဲ့မပြီးပဲ အာဇာနည်စိတ်ဓာတ် ဆိုတာကို နားလည်ဖို့လိုကြောင်း အာဇာနည် သတ္တိဆိုတာ အများအတွက် စွန့်လွှတ်အနစ်နာခံ တတ်တဲ့ စိတ်ဓာတ်မျိုးကို ခေါ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး မကျင်းပခင်မှာ ၆၆ ကြိမ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာပါ။
"အဲဒါကို သေသေချာချာ ပြည်သူလူထုက နားလည်ဖို့လိုတယ်၊ အာဇာနည် သူရဲကောင်းတွေဆိုတာ ဘာလဲ၊ ဘယ်လိုသတ္တိမျိုးဆိုတာ လေးစားရမှာလဲ၊ အကျယ်အားဖြင့်ပြောရင် အာဇာနည်သတ္တိဆိုတာ အများအတွက်သတ္တိပေါ့ ကိုယ့်အတွက် မဟုတ်ဘူး"
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံကနေပြီး ဥသြဆွဲဖို့ အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကို သင်္ဃကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အစီအစဉ်မရှိသေးပါကြောင်း လွှတ်တော်မှာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။