ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မည်
2018.11.28

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရဲ့ဖိတ်ကြားချက်အရ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နီပေါနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပြီး၊ ခတ္တမန္ဒူမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၈ အာရှ ပစိဖိတ် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း နီပေါသမ္မတ ဒေဝီ ဘန်ဒါရီနဲ့ တွေ့ဆုံမယ့်အပြင်၊ ဝန်ကြီးချုပ် အိုလီ၊ နိုင်ငံခြားရေးဝန်ကြီး ပရာဒိ ဂယာဝါလီ တို့နဲ့လည်း နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စတွေ ဆွေးနွေးကြမယ်လို့ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ကိုလည်း ချစ်ကြည်ရေးခရီး ဖိတ်ကြားထား ပါတယ်။ အခုဒီခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်အဖြစ်နဲ့ ပထမဆုံးခရီးဖြစ် သလို၊ ဟွန်ဆင်အတွက်လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ်နဲ့ ပထမဆုံးဖြစ်ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ ခတ္တမန္ဒူမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၈ အာရှ ပစိဖိတ် ဆွေးနွေးပွဲကိုလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို အာရှပစိဖိတ်ဒေသအပြင် နိုင်ငံစုံက အစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ သတင်းမီဒီယာ ကိုယ်စားလှယ်တွေ၊ အနုပညာနဲ့ အရပ်ဖက်ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။