အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲခြားပြော ဆိုတာဟာ မရိုးသား ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
2014.09.30

နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ခွဲခြားပြောဆိုမှုဟာ အရင်စစ်အစိုးရခေတ်က အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေကို အဆင့်အတန်းချဆက်ဆံဖို့ သုံးစွဲခဲ့တဲ့စကားဖြစ်ပြီး ဒီစကားကိုပြောဆိုသုံးစွဲတာဟာ ရိုးသားမှု မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
နေပြည်တော် လွှတ်တော်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် မနေ့က လာရောက်လေ့လာ တဲ့ နိုင်ငံရေး ဦးဆောင်သင်တန်းကျောင်းက သင်တန်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ခွဲခြားပြီးပြော တယ်၊ ဒါက အမှန်ပြောရမယ်ဆိုလို့ရှိရင် NLD ကို တိုက်ချင်လို့ပြောတာပဲ၊ NLD က ပါတီနိုင်ငံရေး လုပ်နေတယ်ပေါ့၊ ပါတီနိုင်ငံရေးက နှိမ့်ကျတယ်၊ အမျိုးသားနိုင်ငံရေးက မြင့်တယ်ပေါ့၊ တကယ်တော့ ပါတီနိုင်ငံရေးပဲလုပ်လို့ရမယ် အခုခေတ်ဒီမိုကရေစီအရ၊ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ခွဲခြားပြီးပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီတွေမရှိပဲနဲ့ ခုခေတ်မှာ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရဘူး"
နိုင်ငံရေးပါတီဆိုတာ ခေတ်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတာဖြစ်ပြီး ဒီနိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိနားလည်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
မနေ့က လွှတ်တော်ကို လာရောက်လေ့လာခဲ့တဲ့ နိုင်ငံရေးဦးဆောင် သင်တန်းကျောင်းက လေ့လာရေး သင်တန်းသားတွေဟာ နိုင်ငံရေးပါတီပေါင်းစုံက အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။