ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကိုပြောင်း

2022.06.22
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကိုပြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ခုနှစ်မှာ တွေ့ရစဥ်
Photo: RFA

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့နေလယ်ပိုင်းမှာ နေပြည်တော် အချုပ်ထောင် အတွင်းက သီးခြားအိမ်တစ်လုံးထဲကို ပို့ဆောင်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သူ့အတွက်ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံထဲ ဒီနေ့ပို့လိုက်တာလို့ ဆိုပါတယ်။

“သူတို့ ဆောက်ထားတဲ့ အဆောက်အအုံတစ်ခု ရှိတယ်လေ။ အဲဒီအထဲကို ဒီနေ့ထည့် တယ်ပေါ့။ သူ့ကို လုပ်ပေးကိုင်ပေးမယ့်သူတွေနဲ့ နောက် တိုက်ချီတိုတို့ကို ဘယ်လို ဆက်လုပ်မလဲ မသိသေးဘူး။ အန်တီ့ကို အချုပ်ထောင်ထဲကို ပို့တော့မယ်ဆိုတာ သိထားတာက ရက်ပိုင်းလောက်ရှိနေပြီ။ စစ်တပ်ဘက်ကတော့ လုံခြုံရေးအရလို့ အကြောင်းပြချက်ပေးတယ်။ တခြားအကြောင်းတွေရောပေါ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လာမယ့် ဇွန်လ ၂၃ ရက်နေ့ကစလို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကို ပြောင်းရွှေ့စစ်ဆေးဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက မနေ့ကပဲ သတင်းထောက်တွေကို ပြောဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံရပြီးနောက် အထူးတရားရုံးအဖြစ် ပြောင်းလဲထားတဲ့ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံး ခြံဝန်းထဲက အဆောက်အအုံတစ်ခုမှာ အမှုရင်ဆိုင်နေရတာပါ။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို ဇွန်လ ၂၃ ရက်နေ့ကစပြီး နေပြည် တော် အချုပ်ထောင်မှာပဲ စစ်ဆေးတော့မှာဖြစ်လို့ ရှေ့နေတွေကို အဲဒီကိုလာရောက်ဖို့ တရားရုံးဘက်က အကြောင်းကြားလာပြီလို့ RFA ရဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွှေ့ရတာနဲ့ ပတ်သက် ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

RFA နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဆက်အသွယ်ရရှိခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်မပြောပေမယ့် သူ့အဆင့်အတန်းနဲ့ညီမျှတဲ့ နေရာတစ်ခုမှာ ကျန်းမာရေး စောင့်ရှောက်မှုအပြည့်နဲ့ ထိန်း သိမ်းထားတယ်လို့ ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ထဲကိုပို့တယ်လို့ ကြားရတာ စိတ်မကောင်းစရာပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“တိုင်းပြည်အတွက် စိတ်နှလုံး မချမ်းမြေ့စရာ ဖြစ်ပါတယ်။ မတရားမှုတွေ ကြီးစိုးနေ တယ်ဆိုတာ သိသာတယ်။ အရင်က နေအိမ်အကျယ်ချုပ်ထားတယ်ဆိုတာ တိုင်းပြည် အတွက် ကြည့်ကောင်းသေးတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ကိုလွှတ်ပေးဖို့ ဒီလောက်တောင်းဆိုနေတဲ့အချိန်မှာ တစ်ဆင့်နှိမ့်ချပြီးတော့ ထောင်ထဲအထိ ပို့တယ် ဆိုတာကတော့ ပြည်သူအားလုံးအတွက် ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်လို့ မှတ်တမ်း တင်ရမယ့်ကိစ္စ ဖြစ်ပါတယ်”

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။

လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။