ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုထွက်ဆိုချက်ကို တရားရုံးတားမြစ်

2021.10.22
ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုထွက်ဆိုချက်ကို တရားရုံးတားမြစ် ၂ဝ၂၁ မေလက ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြနေကြသူများကို တွေ့ရစဉ်။
Photo: AFP

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ အမှုမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်က ထွက်ဆိုရာမှာ ကြိုတင်ရေးသားထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ကြားခဲ့တဲ့အတွက် တရားရုံးက တားမြစ်ခဲ့ပြီး၊ လာမယ့် အောက်တိုဘာလ ၂၉ရက်မှာ ဆက်လက်စစ်ဆေးဖို့ ရုံးချိန်းယူခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ရက်နေ့က ရုံးချိန်းမှာ အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ကို တရားစွဲဆိုထားတဲ့ အမှုနံပါတ် ၄/၂၀၂၁ ဖြစ်တဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားဌာနပိုင် မြေ ၂၃ ဧကကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေငှားဂရမ်ထုတ်ပေးခဲ့တဲ့အတွက် စွဲဆိုထားတဲ့ အမှုကို ကြားနားစစ်ဆေးခဲ့တာရာမှာ ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်ကို ရှေ့နေတွေက မေးမြန်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။



တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က ထွက်ဆိုရာမှာ ကြိုတင်ရေးသားထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ကြားခဲ့တဲ့အတွက် ရှေ့နေတွေက ကန့်ကွက်ခဲ့ပြီး၊ တရားရုံးက ကန့်ကွက်တာကို လက်ခံခဲ့တဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ၅ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ နဲ့ ၂ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ တို့နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။