သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်းစွာဆွေးနွေးခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2014.03.20
dassk-parliament-305.JPG နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်
photo: Myo Thant Khaing

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ပွင့်လင်းစွာဆွေးနွေး ခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိတယ် လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။

"ထူးထူးထွေထွေ ဘာမှသတင်း ထုတ်ပြန်စရာမရှိပါဘူး။ ပြောရမယ်ဆိုရင် ထူးထူးထွေထွေ ထုတ်ပြန်စရာမရှိလို့ မထုတ်ပြန်တာပါ။"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် မနေ့ ညနေ ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လယ်ယာမြေတွေ၊ အိုးအိမ်တွေကို သက်ဆိုင်ရာက သိမ်းယူရာမှာ အဓမ္မ ဖျက်ဆီးမှုတွေရှိနေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တော့ ဥပဒေ အရဆောင်ရွက်ဖို့ လိုသလို၊ ပြည်သူလူထု ရဲ့ခံစားမှုကိုနားလည်ဖို့လည်း အရေးကြီးကြောင်း ပြောပါတယ်။

"စိုက်ခင်းတွေပဲဖြစ်ဖြစ် ကျူးကျော်ရပ်ကွပ်တွေပဲဖြစ်ဖြစ် တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုလို့ရှိရင် တရားဥပဒေနဲ့ ကိုက်ညီလာအောင်လို့ လုပ်ရမယ်။ ဒါပေမဲ့ အဲ့ဒီ လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့ အနေအထားနဲ့ လိုအပ်ချက်တွေကိုလည်း ဘယ်လိုမှ မျက်ခြေပျက်လို့ မရဘူး။ ပြည်သူပြည်သား တော်တော်များများက ဥပဒေဆိုတာ ပြည်သူ ပြည်သားကို ချုပ်ချယ်ဖို့ ဖိနှိပ်ဖို့ လုပ်ထားတာလို့ ထင်နေကြတယ်။ အဲ့လိုထင်တာလဲ သူတို့အပြစ်မဟုတ်ဘူးနော် ဒီလိုပဲ ဥပဒေကိုသုံးခဲ့တဲ့ နှစ်ပေါင်းများစွာရှိခဲ့လို့ ဥပဒေမဲ့လုပ်တာကသက်သက်ပေါ့နော်၊ရှိတဲ့ဥပဒေကို ကြိုက်သလိုသုံးတာ သက်သက်ပေါ့။"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံလူထုအကြား အဆင်မပြေဖြစ်နေ တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောထားတွေကို သေသေချာချာဆန်းစစ်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။