ထိုင်းအရာရှိတွေ အရေးယူ မှု ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ခြင်းမရှိ


2016.06.29
dassk-thai-pm-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်
.

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းအရာရှိ ၂၃ ဦး ရာထူးကနေ ယာယီဖယ်ရှားခံရတာဟာ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတာကြောင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်မှု မရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ General Prawit Wongsuwon က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သူ့ကြောင့် ထိုင်းအရာရှိတွေ ရာထူးကနေ ဖယ်ရှားခံရတာကို မဖြစ်စေချင်ကြောင်း သူ့အနေနဲ့ စိတ်မကောင်းကြောင်း ပြောရာမှာ ဒုတိယဝန်ကြီးချုပ်က ပြန်လည်ရှင်းပြခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"ထိုင်းနိုင်ငံကိုသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပြီးမှာ ထိုင်းဘက်က အရာရှိတွေကို ရာထူးကနေ ထုတ်လိုက်ကိစ္စဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်ကြောင့် သူသွားလို့ ဒီအရာရှိတွေ အလုပ်ပြုတ်ရတယ် ဆိုတဲ့ဟာမျိုးလေး ဒေါ်အောင်ဆန်းစုကြည်က မလိုလားပါဘူး၊ သူ့ကြောင့် သူတို့တွေ ဒုက္ခရောက်တယ်ဆိုတာ မဖြစ်စေချင်ဘူး၊ အဲ့ဒါအတွက် စိတ်မကောင်းဖြစ်ရတယ် ဆိုတဲ့အကြောင်း ပြောတဲ့အခါ ထိုင်းဘက်ကပြန်ရှင်းပါတယ်၊ သူတို့က လူကုန်ကူးမှုနဲ့ ပါဝင်ပတ်သက်နေတဲ့ အရာရှိတွေဖြစ်ပါတယ်၊ အဲ့ဒါတွေကို ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့ စုံစမ်းစစ်ဆေးနေတာရှိပါတယ်၊ အဲ့စုံစမ်းစစ်ဆေးတဲ့ဟာတွေ ပေါ်လွင်လာတဲ့အခါမှာ သူတို့ကို တည်ဆဲဥပဒေအရ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် မဟုတ်ပါဘူးလို့ သူကပြန်ရှင်းပြပါတယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံရာမှာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်နိမိတ်တိုင်းတာ ရေးကိစ္စတွေ နဲ့ ထိုင်းနိုင်ငံကနေ မြန်မာဒုက္ခသည် ၂၀၀ နီးပါးကို ပြန်လည်ခေါ်ယူမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ်ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံရာမှာ ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေး ဖို့၊ အလုပ်သမားတွေဘက်က မှားယွင်းမှုတွေ ဖြစ်ခဲ့ရင် နားလည်ပေးဖို့၊ သူ့ဘက်ကလည်း မြန်မာအလုပ်သမားတွေကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာအောင် တည့်မတ်ပေးမှာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဒုတိယဝန်ကြီးချုပ်က စိုးရိမ်ဖို့ မလိုကြောင်း နဲ့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ တည်ဆဲ ဥပဒေတွေကို လိုအပ်တာတွေ ပြင် ဆင်ပေးနေကြောင်း၊ လာမယ့် ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀အထိ တိုးမြှင့်လာစေဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။