တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့-၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ


2016.06.28
dassk-nca-ethnic-armed-orgs-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဇွန်လ ၂၈ ရက်နေ့က နေပြည်တော် The Horizon Lake View ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo - Win Ko Ko Latt/RFA

နောင်မျိုးဆက်တွေအတွက် ချန်ထားပေးရမယ့် အကောင်းဆုံးအမွေဟာ ငြိမ်းချမ်းရေးဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် မှာ ပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈  ဖွဲ့နဲ့       နေပြည်တော်က Horizontal Lake View ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာဖြစ်ပါတယ်။

"အင်မတန်မှ တန်ဖိုးရှိလှတဲ့ စစ်မှန်တဲ့ တိုင်းရင်းသားများအားလုံးကို လုံခြုံမှုနဲ့ လွတ်လပ်မှု အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို ထူထောင်ဖို့အတွက်  ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်၊ ဒီကိစ္စကို တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရသလို၊ တစ်ကြိမ်တည်းနဲ့လည်း လုပ်လို့မရပါဘူး၊  ဒါပေမဲ့ အမြန်ဆုံးတော့ ဆောင်ရွက်စေချင်တယ်၊ ကျမတို့ကတော့ နောက်မျိုးဆက် သစ်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းမှတိုးတက်မယ်၊ ညီညွတ်မှ ငြိမ်းချမ်းမယ်၊ အဲ့တော့ ကျမတို့က ညီညွတ်ရေးကိုရှာဖွေရမယ်၊ ညီညွတ်ရေးမှာ အခြေခံတဲ့ ငြိမ်းချမ်းခြင်းကို ဆောက်တည်ရမယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က  တိုင်းရင်းသားအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်း၊  အစိုးရက ဖက်ဒရယ်ပြည်ထောင် စုစနစ် ထူထောင်မယ့် ရည်ရွယ်ချက်သာရှိကြောင်း၊ အဲ့ဒီရည်ရွယ်ချက်ရဲ့ နောက်ကွယ်မှာ ဘာကိစ္စရပ်မှ မရှိကြောင်း လည်း ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့အတွက် တာဝန်သိစိတ်က အရေးကြီးကြောင်း၊ အဲ့ဒီ တာဝန်သိစိတ်ကို ရှေ့ထား ပြီး ဆွေးနွေးကြဖို့လည်း သူက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။

အရင်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှာပါတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဥက္ကဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS/SSA က  စိုင်းဘောင်ခေး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး CNF က ပူးဇင်ကျုံး၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဦးခိုင်စိုးနိုင်အောင်၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက နော်ကပေါ်ထူးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားများ တပ်ဦး ABSDF က ဦးသံခဲ တို့ တက်ရောက်ခဲ့ပါတယ်။

အစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး နဲ့ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း တို့ တက်ရောက်ခဲ့ပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖဲ့ွ နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကလည်း တွေ့ဆုံခွင့်တောင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။