ကချင်တိုက်ပွဲတွေကိစ္စ နိုင်ငံတော် အတိုင်ပင်ခံနဲ့ KBC ခေါင်းဆောင် များ ဆွေးနွေး
2017.07.24

ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် တပ်မတော်က ထိုးစစ်ဆင်မှုတွေ ရပ်တန့်ပေးဖို့နဲ့ အစိုးရအနေနဲ့ တိုက်ပွဲတွေ ချုပ်ငြိမ်းသွားဖို့ လေးလေးနက်နက်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ခေါင်းဆောင်တွေက ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တင်ပြလိုက် ပါတယ်။
အဲဒီတင်ပြချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေနဲ့ တပ်မတော် ကို ကိုင်တွယ်ရာမှာ ၂၀၀၈ အခြေခံဥပဒေ အရသာ ဆောင်ရွက်နိုင်သေးကြောင်း ပြောခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ KBC က သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောပါတယ်။
"တိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် ပြီးဆုံးသွားအောင် လုပ်ဖို့လိုတဲ့အကြောင်း ဒါကိုအစိုးရအနေနဲ့ လေးလေး နက်နက် ဆောင်ရွက်ပေးစေလိုတဲ့အကြောင်း ပြောတယ်။ နိုင်ငံတော်အတိုင်ပင်ခံက စစ်တပ်နဲ့ ပတ်သက် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ သွားနိုင်တယ်ဆိုတော့ သူတို့ကလည်း ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေရှင်းခဲ့ပါတယ်"
ဒီနေ့တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ငြိမ်းချမ်းရေးက အလိုအပ်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးမရရင် ဘာမှလုပ်ဆောင်နိုင်မှာမဟုတ်ကြောင်းနဲ့ အစိုးရဘက်က ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး ရုန်းကန်လှုပ်ရှားနေရကြောင်း ပြောခဲ့တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက် အစိုးရက တပ်မတော်နဲ့ KIA နှစ်ဖက်လုံးကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် အဲဒီလိုအခြေအနေမျိုး မရောက်ရှိတဲ့အတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ အနေအထားတွေရှိတယ်လို့လည်း ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကချင်လူထုရဲ့ ပါဝင်မှုလိုအပ်တာကို အစိုးရဘက်က နားလည်တာကြောင့် ကချင်လူထုအင်အားအများအပြားရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ခေါင်းဆောင်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါ်ယူတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေကို ချပြဆွေးနွေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ပြီး KBC ဘက် က ၁၂ ဦး တက်ရောက်ခဲ့ကြပါတယ်။