ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့ တွေ့ဆုံ
2015.06.11

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် လေးစားသမှုရှိကြဖို့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းထားတဲ့ တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက် စိုးမိုးမှုအပေါ် အားပေးထောက်ခံနေတာဖြစ်ကြောင်းလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြား ခဲ့ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်ကို ငါးရက်တာ ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ ခန်းမဆောင်မှာ မနေ့က လက်ခံတွေ့ဆုံစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့တာပါ။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေနေ၊ တရုတ် မြန်မာ နှစ်နိုင်ငံ ကြားက ချစ်ကြည်ရေးကတော့ မပြောင်းမလဲ ဆက်လက်ရှင်သန်နေမယ်လို့ မျှော်လင့်ကြောင်း၊ အခုခရီးစဉ်ကြောင့် တရုတ်ပြည်နဲ့ တရုတ်ကွန်မြူနစ်ပါတီအပေါ် ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်လာမယ်လို့ မျှော်လင့်ကြောင်း၊ ဒီခရီးစဉ်အတွင်း နှစ်ဦးနှစ်ဘက် အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုတွေ ရရှိလာမှာဖြစ်ပြီး၊ ပါတီချင်း၊ နိုင်ငံချင်း ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ချစ်ကြည်ရင်းနှီးမှု ရရှိတဲ့အပေါ် တန်ဖိုးထားပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ စွမ်းဆောင်ချက်တွေကိုလည်း လေးစားအားကျ ပါကြောင်း၊ မြန်မာနဲ့တရုတ်ဟာ အိမ်နီးချင်းတွေဖြစ်နေကြရာမှာ၊ အိမ်နီးချင်းဆိုတာ စိတ်ကြိုက်ရွေးချယ်လို့ရတဲ့အရာ မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။
တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ထောင် ၁၁ နှစ်ကျခံနေရတဲ့ တရုတ်လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ လျူရှောက်ပို လွတ်မြောက်ရေးအတွက် ပြောဆိုပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်း ခဲ့ကြပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးကိစ္စ ထည့်သွင်းပြောကြားခဲ့သလားဆိုတာ မသိရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က နိုင်ငံတော်ကောင်စီဝင် ယန်ကျိချိ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဌနဲ့ တရုတ်ပြည် အမျိုးသမီးများဖက်ဒရေးရှင်း ဥက္ကဌ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်ပြည်ကို စတင်ရောက်ရှိခဲ့တဲ့နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။