မြေသိမ်းခံရသူတွေ ဒေါ်အောင် ဆန်းစုကြည် နေအိမ်ရှေ့ သွားရောက်အကူအညီတောင်းခံ


2014.04.03
dassk-mayankon-305.jpg မြေသိမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေး ဖို့ မရမ်းကုန်း ၆ ရပ်ကွက်က ပြည်သူတွေဟာ ဧပြီလ ၃ ရက်နေ့ က တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေ အိမ်ရှေ့ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တောင်း ဆိုစဉ်
photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က အသိမ်းခံခဲ့ရတဲ့ အိမ်ခြေ ၃၀၀ လောက်က လူဦးရေ ၁၀၀ ကျော်ဟာ အသိမ်းခံခဲ့ရတဲ့ မြေပိုင်ဆိုင်မှုပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တက္ကသိုလ်ရိပ်သာလမ်းက  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ မှာ အကူအညီတောင်းခံခဲ့ကြပါတယ်။

အကူအညီတောင်းခံသူတွေကို ဒေါ်အောင်ဆန်းစုကြည် က အားပေးစကားပြောခဲ့ပြီး ၆ ရပ်ကွက်နေ ပြည်သူတွေ ရဲ့ ပြဿနာတွေကို တတ်နိုင်သလောက် ဖြေရှင်းဆောင် ရွက်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း အကူအညီတောင်း ခံတဲ့ ၆ ရပ်ကွက်မှာနေထိုင်သူ ဒေါ်စိန်ထွေးက ပြော ပါတယ်။

"တတ်နိုင်တဲ့ဘက်ကပေါ့နော်၊ ဖြစ်နိုင်အောင်လို့ သူကကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်၊ ဥပဒေ အကြံပေးအရာရှိတွေနဲ့ တင်ပြပြီးတော့ ဆွေးနွေး ပြီး ဖြေရှင်းပေးမယ်လို့ သူကပြောပါတယ်"

ရန်ကုန်တိုင်းဒေသကြီး  မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်ကို  ၁၉၅၈ ခုနှစ်ကတည်းက ပြည်သူပိုင်ရပ်ကွက်ဆိုပြီး တည်ထားပေးခဲ့ပေမဲ့  လွန်ခဲ့တဲ့ ၂၀၀၄ ၊ ၂၀၀၆ ခုနှစ်အတွင်းက  တော်ဝင်ချယ်ရီ အိမ်ရာတည်ဆောက် ဖို့် လေလံတင်ခဲ့ရာမှာ ဂရိတ်နိုင်းကုမ္မဏီက ၆ ရပ်ကွက်က အိမ်ထောင်စု ၃၀၀ ကျော်ကို ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ကို ငွေကျပ် ၁၀ သိန်းစီပေးပြီး ဖယ်ရှားခဲ့တာလို့ သိရပါတယ်။

အကူအညီတောင်းခံသူတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတည်းက တော်ဝင်ချယ်ရီအိမ်ရာရှေ့ မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကိုရုတ်သိမ်းပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်အကူအညီ တောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။