ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်
2012.12.11

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်ခရီးစဉ် အပါအဝင် မကွေးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ကော့မှူး မဲဆန္ဒနယ်ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။
ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို မေးမြန်းပြီး ပြည်သူတွေမကြောက်မရွံ့နဲ့ အခြေအနေမှန်ကို ပြောပြနိုင်မှ တိုင်းပြည်ကို ကောင်းအောင် ပြုပြင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေအပြင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်စည်ပင်၊ တိုင်းစည်ပင်နဲ့ ဆောက်လုပ်ရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးှ ကော့မှူးမြို့နယ်တွင်းမှာ ပြည်သူတွေအသုံးပြုများတဲ့ လမ်းတံတားတွေကို မိုးရာသီမရောက်ခင် သက်ဆိုင်ရာက အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆောက်လုပ်ဆဲ ပေ ၆၀ ချောင်းတံတား၊ ဝါးဘလောက်သောက် ကျေးရွာအတွင်းက (၁) ရပ်ကွက်မှာ ရှိတဲ့ ဈေး၊ NLD ရပ်ကျေးရုံး၊ တိုက်နယ်ဆေးရုံ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်တဲ့ ခါတော်မှီကျောင်းတိုက်၊ စာသင်ဆောင်တွေ ပြိုကျပျက်စီးနေတဲ့ အ.ထ.က ကျောင်းနဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ချောင်လမ်းတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
လွှတ်တော်အမတ်တွေ အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရင်ကော့မှူးခရီးစဉ်တွေအတွင်းက ပြောခဲ့ဖူးပါတယ်။