ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့

ကရင်အမျိုးသားတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ ဓလေ့ထုံးစံတွေနဲ့ သမိုင်း တလျောက် နှစ်ပေါင်းများစွာနေထိုင်လာတဲ့ လူမျိုးတွေဖြစ်တယ်ဆိုတာ ကရင်နှစ်သစ်ကူး ပွဲတွေက သက်သေပြနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၇၅နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

2013.01.12
dassk-karen-305 ၂၀၁၃ ခုနှစ် ၁ လ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၅ကြိမ်မြောက် စိန်ရတု ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်
Photo: NLD Facebook

ဒီသဝဏ်လွှာနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

"ကရင်နှစ်သစ်ကူးနေ့မှာ အခုလို သဝဏ်လွှာပါးခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဦးစွာဖော်ပြလိုပါတယ်လို့ အစချီထားပြီးတော့ နောက်ဆုံးမှာတော့ မိမိတို့အရေး၊ မိမိတို့ကံကြမ္မာကို၊ မိမိတို့ကိုယ်တိုင် ပြဌာန်းနိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများစွာကို ကရင်အမျိုးသားများကိုယ်တိုင် အားထုတ်ပါဝင် ဖန်တီးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့ အဲလိုဖော်ပြထားပြီးတော့ အောက်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ ကိုယ်တိုင်လက်မှတ်ရေးထိုးထားပါတယ်ခင်ဗျ
"

ဒီနှစ်တွေဟာ ပြည်ထောင်စုကြီးအတွက် အရေးကြီးတဲ့ကာလတွေဖြစ်တဲ့အတွက် ကရင်အမျိုးသားတွေအပါအဝင် တိုင်းရင်းသားလူမျိုး အားလုံးအတွက် စစ်မှန်ပြီး ငြိမ်းချမ်းတဲ့၊ အားလုံးတန်းတူပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ အပြောင်းအလဲတွေကို ကရင်အမျိုးသားတွေကိုယ်တိုင် ပါဝင်အားထုတ်နိုင်ပါစေလို့လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကရင်နှစ်သစ်ကူးသဝဏ်လွှာပေးပို့တာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။