ကချင် ဒုက္ခသည် အမျိုးသမီးများအား ဒေါ်အောင်ဆန်းစုကြည် အားပေး
2013.01.22

ပြည်တွင်း သတင်းမီဒီယာသမားအဖွဲ့ဟာ ကချင်ပြည်နယ်က စစ်ပြေးရှောင်ဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝအခြေအနေ ရည်မှန်းချက်တွေကို တင်ပြနိုင်ဖို့အတွက် သွားရောက်လေ့လာကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့နဲ့အတူ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။
ရသအလင်းမီဒီယာအုပ်စုက တရုတ်မြန်မာနယ်စပ် မန်ဝိန်းကြီးဒေသကို မနေ့ကသွားရောက်ခဲ့ပြီး ဒီနေ့မှာတော့ မိုင်ဂျာယန်နဲ့ လိုင်ဇာဒေသအနီးက စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်အမျိုးသမီးနဲ့ ကလေးတွေကို သွားရောက်တွေ့ဆုံမေးမြန်းနေပြီး မီဒီယာတွေမှာ ဖေါ်ပြနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အဲဒီအဖွဲ့ကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မမွန်မွန်မြတ်က RFA ကို ပြောပြပါတယ်။
စစ်ပွဲတွေရဲ့ အနိဌာရုံတွေကို အများဆုံးခံစားရတာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ပါဝင်နိုင်ဖို့လိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောလိုက်တာပါ။
“နောင်ကြီးလာမဲ့ကလေးတွေဟာ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်အောင် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးအောင်လို့ သင်ပေးသွားရမှာက မိခင်များရဲ့တာဝန်ဖြစ်ပါတယ် အဲဒါကြောင့်မို့ လက်တွေ့ကျကျဒီကိစ္စကိုလုပ်ပါ၊ ဒါတော့ရေရှည်အတွက် လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ချက်ချင်းလက်ငင်းမှာတော့ အမျိုးသမီးများစုစည်းပြီးတော့ ကိုယ်တတ်နိုင်သမျှ အမျိုးသမီးများခံနိုင်ရည်ရှိအောင် ပြဿနာတွေကို အတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်အောင်လို့ ကြိုးစားကြပါ၊ အခုခေတ်မှာဆိုရင် ကမ္ဘာကြီးက အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့စိတ် အများကြီးရှိလာပါတယ်၊ အမျိုးသမီးတွေရဲ့ ဒုက္ခတွေကိုလဲ အသိအမှတ်ပြုလာကြပါတယ်၊ ဒါကြောင့်မို့လို့ စိတ်အားမငယ်ကြပါနဲ့၊ မျှော်လင့်ချက်ကို လက်မလွှတ်ကြပါနဲ့”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေကို အားပေးစကား ပြောရုံတင်မကပဲ အခုလို ဆုမွန်ကောင်း ပို့သလိုက်ပါသေးတယ်။
“အခုခေတ်မှာ တကမ္ဘာလုံးက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို အသိအမှတ်ပြုပါတယ်၊ အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့စိတ်တွေရှိပါတယ်၊ ဒါကြောင့်မို့ ကျမတို့အားလုံးဟာ ကိုယ့်ရဲ့အင်အားတွေကို တနေ့နဲ့တနေ့ ပိုပြီးတော့တိုးတက်အောင်လို့ အတူတူကြိုးပမ်းသွားရမှာပါ၊ ကျမတို့အနေနဲ့လဲ ကချင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အမြဲပဲ ဆက်ပြီးနီးနီးကပ်ကပ် ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်သွားပါ့မယ်လို့ နိဂုံးချုပ်ပါတယ်၊ အားလုံးကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဒုက္ခမျိုးစုံပြဿနာမျိုးစုံကို ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးစကားနဲ့ ဆုတောင်းစကားတွေကို ဒုက္ခသည်တွေက ကြားသိရတဲ့အခါ အင်မတန်ဝမ်းသာကြကြောင်း၊ အမြန်ဆုံးအိမ်ပြန်နိုင်အောင် လုပ်ပေးပါဆိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အားကိုးပါတယ်ဆိုတဲ့အကြောင်း တုံ့ပြန်ပြောဆိုကြတယ်လို့လည်း ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သတင်းရယူနေတဲ့ ရသအလင်း မီဒီယာအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမွန်မွန်မြတ် က RFA ကို ပြောပါတယ်။
ရသအလင်းမီဒီယာ အုပ်စုမှာ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနနဲ့ ၊ မြန်မာတိုင်းဂျာနယ် က သတင်းထောက်တွေလဲ ပါဝင်ပြီး မီဒီယာတွေမှာဖော်ပြနိုင်အောင် ဒုက္ခသည်စခန်းတွေကို သွားရောက် ကွင်းဆင်းမေးမြန်းခဲ့တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။