မင်းသမီး ဂျိုလီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အထည်ချုပ်သမတွေ၊ ကျူးကျော်တွေနဲ့ တွေ့ဆုံ
2015.08.01

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမတွေ၊ ကျုးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မင်းသမီး ဂျိုလီက လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက် ပွဲ ဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ၊ လူငယ်တွေအနေနဲ့ မိမိတို့အမည်တွေ မဲစာရင်းမှာပါ မပါ သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
သူဟာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ လေးရက်တာခရီးစဉ်အတွင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့က ဒုက္ခသည်စခန်းတွေဆီ သွားရောက်လေ့လာခဲ့သလို အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိ သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။