ဒေါ်အောင်ဆန်းစုကြည် ခြံတံခါးနဲ့ အိမ်နံပါတ်ပြား ကျပ်သိန်း ၅ ထောင် လေလံဆွဲ
2015.02.13

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေ ရစဉ်က အသုံးပြုခဲ့တဲ့ ခြံဝင်းတံခါးနဲ့ အိမ်နံ ပါတ်ပြားဟောင်းကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲနေရာမှာ ဒီနေ့ ကျပ်သိန်းငါးထောင်နဲ့ ဝယ်ယူသူရရှိပြီး လေလံ ပိတ်လိုက်ပြီဖြစ်ပါတယ်။
နိုင်ငံခြားသားတစ်ဦးက ဝယ်ယူမှာဖြစ်တယ်လို့ လက်ရှိပိုင်ရှင်ဖြစ်သူ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။
"၁ဝ နာရီမထိုးခင် ၃ မိနစ်အလိုမှာ နောက် ၅ဝဝဝ ဆိုပြီးတက်လာတယ်၊ ဒါပေမယ့် အီးမေးလ်ဆိုတာက သိပ်သေချာတာမဟုတ် ဘူးလေ၊ အခုလူကတော့ သေချာကိုပြန်ပြီးတော့ သူ့ကိုလည်းအီးမေးလ်ပြန်ပြီ၊ အရေးကြီးတဲ့ တယ်လီဖုန်းနံပါတ်တွေဘာတွေနဲ့ ခိုင်ခိုင်မာဆိုလို့ရှိရင် အန်ကယ်လ်တို့ကြေညာပေးမယ်၊ နိုင်ငံခြားသားလို့ပြောတယ်ခင်ဗျ"
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်စဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အိမ်ပြုပြင်အပြီး အဲဒီအိမ်တံခါးဟောင်းနဲ့ အိမ်နံပါတ်ပြားဟောင်းကို ဦးစိုးညွန့်က ဝယ်ယူသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
လေလံစတင်စဉ်က ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ကြေညာ ခဲ့တာဖြစ်ပါတယ်။
လေလံတင်ရောင်းချလို့ရရှိတဲ့ငွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အခမ်းအနားနဲ့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တည်ဆောက်ရာမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။