ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်လည် ရုပ်သိမ်း


2018.03.07
dassk-sittwe-622 မောင်တောဒေသကို သွားရောက်ဖို့အတွက် စစ်တွေလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာကျော် Holocaust ဟိုလိုကော့စ် အမှတ်တရပြတိုက်က မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၂ ခုနှစ်က သူတို့ ချီးမြှင့်ပေးအပ်ထားတဲ့ Elie Wiesel အယ်လီ ဝီဆဲလ် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို မတ်လ ၆ ရက်နေ့စွဲနဲ့ ဟိုလိုကော့စ်ပြတိုက် က ပေးပို့လိုက်တဲ့စာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးရှင်းလင်းရေးလုပ်နေတဲ့ကိစ္စတွေ ရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝေဖန် အရေးယူခဲ့ခြင်းမရှိဘဲ ကုလသမဂ္ဂ စုံစမ်းသူတွေကိုလည်း လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အခုလို ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ကို မိမိတို့ အလွယ်တကူချမှတ်ခဲ့တာ မဟုတ်ကြောင်း၊ စစ်တပ်က ဆယ်စုနှစ်များစွာ အဓမ္မစိုးမိုးအုပ်ချုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း မိမိတို့ စာနာနားလည်နိုင်ပါကြောင်း၊ ဒါပေမဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ကြုံတွေ့ရတဲ့ ဒုက္ခဆင်းရဲပမာဏက ကြီးမားလွန်းတဲ့အတွက် အရေးယူဖို့ လိုအပ်ကြောင်း၊ ဒီလိုကိစ္စမျိုးမှာ ကြားနေခြင်းဟာ ဖိနှိပ်သူတွေကိုသာ အသာစီးရစေပြီး ဖိနှိပ်ခံ သားကောင်ဖြစ်ရသူတွေကို ဘယ်တော့မှ အကျိုးမပြုပါကြောင်း  စသဖြင့် ဖေါ်ပြထားပါတယ်။

အဲဒီ အကြောင်းကြားစာကို ဝါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးကတဆင့် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  

ဟိုလိုကော့စ် ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အာဏာရှင် ဟစ်တလာ ဦးဆောင်တဲ့ နာဇီ ဂျာမန်တွေက ဂျူးလူမျိုး သန်းပေါင်းများစွာကို ရက်စက်စွာသတ်ဖြတ်ခဲ့မှုအတွက် အမှတ်တရအဖြစ် ဝါရှင်တန်ဒီစီမြို့တော်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ကို ဖွင့်လှစ်ဦးဆောင်နေတဲ့အဖွဲ့ဟာ ကမ္ဘာပေါ်မှာ လူတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆန့်ကျင်လှုပ်ရှားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။