ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ဧပြီလကုန်ပိုင်း စတင်မည်
2017.04.19

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလကုန်ပိုင်းမှာ ဥရောပတိုက်က ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိန် စတဲ့ လေးနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်က ပြန်လာပြီးနောက် တရုတ်နိုင်ငံမှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ ကျင်းပမယ့် One Belt-One Road ခေတ်သစ်ပိုးလမ်းမကြီး မဟာဗျူဟာစီမံချက်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာအဆင့် ထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဘေကျင်းမြို့မှာ ကျင်းပမယ့် အဲဒီညီလာခံကို ရုရှား၊ အီတလီ၊ စပိန်၊ တူရကီ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား.. စတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက အစိုးရ ခေါင်းဆောင်တွေ နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံပေါင်း ၁၁ဝ က ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းနဲ့ သတင်းမီဒီယာလုပ်ငန်း ကျွမ်းကျင်သူတွေအပြင်၊ အစိုးရဝန်ကြီး ၁၉ဝ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်း ၆ဝ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အခုလဆန်းပိုင်းက မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း အချက် ၁ဝ ချက်ပါဝင်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ခေတ်သစ်ပိုးလမ်းမ အစီအစဉ်ကို မြန်မာနိုင်ငံက အားပေးထောက်ခံကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး စတဲ့ကဏ္ဍတွေမှာ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားကြမယ့်အကြောင်း ဖော်ပြထားပါတယ်။