PR စနစ်ကို လက်မခံကြောင်း NLDနဲ့ တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ဆုံးဖြတ်
2014.07.05

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ က ခေါင်းဆောင်တွေဟာ PR ခေါ် အချိုးကျကိုယ် စားပြု ရွေးကောက်ပွဲစနစ် ပီအာကို လက်မခံကြောင်း ဒီကနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီခေါင်းဆောင် ဦးအေးသာအောင်က PR စနစ်ကို ကန့်ကွက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြော ပါတယ်။
"PR စနစ်နဲ့ ပတ်သက်လို့ တကယ်တော့ မြန်မာနိုင်ငံ အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းတယ်ဆိုတာ က ရွေးကောက်ပွဲစနစ်ဟောင်းကနေ စနစ်သစ် ကို ပြောင်းဖို့မလိုပါဘူး၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ပြီးတော့ ပြည်တွင်းစစ်ရပ်ဖိ့ု ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ အဲဒါတာ အဓိကဖြစ်တယ်၊ စနစ်ဟောင်းနဲ့ ရွေးကောက်ပွဲ သွားရင်လည်း ဘာမှပြဿနာမရှိဘူး၊ အဲဒီတော့ စနစ်သစ်ဖြစ်တဲ့ RP စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တိုင်းပြည် အတွက် တိုင်းရင်းသားပြည်သူတွေအတွက် ဘာမှအကျိုးများနိုင်ခြင်း မရှိဘူး"
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး PR စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက် ပွဲ ကော်မရှင်ကိစ္စအပြင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန် ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အန်ထော်နီ စတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။