လူ့အခွင့်အရေး ချိုးဖောက်မှု ကုလစွပ်စွဲချက် ဒေါ်အောင်ဆန်း စုကြည် ငြင်းဆို
2017.05.03

ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကို အချက် အလက်ရှာဖွေရေး အထူးအဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ တာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၂ ရက်-မနေ့က ပြောလိုက်ပါတယ်။
ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Frederica Mogherini နဲ့ မနေ့က ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ သဘောမတူကြောင်းနဲ့ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးဆိုတာကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်မှာ အမှန် ပကတိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ လိုက်လျောညီထွေမရှိဘူးလို့ ယူဆတဲ့အတွက်ဖြစ်ကြောင်း၊ လူ့အခွင့် အရေးကောင်စီ ထောက်ခံတင်ပြချက်တွေဟာ ဒေသရဲ့ ပကတိလိုအပ်ချက်တွေနဲ့ ကိုက်ညီရင်တော့ မိမိတို့ လိုလို လားလား လက်ခံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲကတော့ အချက်အလက်ရှာဖွေရေးကော်မရှင် စေလွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ EU အကြား သဘောထားကွဲလွဲမှု ရှိပေမယ့် မြန်မာပြည်အတွက် အတူတကွ ရှေ့ဆက် လက်တွဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်ဆိုတာကိုတော့ အပြည့်အဝ သဘောတူထားကြတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
EU ဥရောပသမဂ္ဂအဖွဲ့ဟာ လူ့အခွင့်အရေးကောင်စီမှာ အတည်ပြုချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်-မူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ဥရောပ ၂၈ နိုင်ငံ ပါဝင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။