ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်းတရားရုံးမှာ စတင်စစ်ဆေးခံရ

2022.06.23
ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်းတရားရုံးမှာ စတင်စစ်ဆေးခံရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဇွန်လ ၂၂ ရက် မနေ့က နေပြည်တော်အချုပ်ထောင်ထဲကို အပို့ခံရတဲ့ နိုင်ငံတော်အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲက သီးသန့်အထူးတရားရုံးမှာ ဒီကနေ့ စတင် အစစ်ဆေးခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာရှောင်တားနဲလ်တို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) အမှုကို ဇွန်လ ၂၃ ရက် ဒီနေ့ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တာပါ။

ဒီနေ့ ထောင်တွင်းတရားခွင်မှာတော့ အမှုနဲ့ပတ်သက်လို့ ပြန်ခေါ်သက်သေတချို့ကို စစ် ဆေးခဲ့တယ်လို့ ထောင်တွင်းတရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက် ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ထားတာကြောင့် စစ်ဆေးချက် အသေးစိတ်ကို အတိအကျ မသိရပါဘူး။

အရင်က ဒီအမှုကို အာဏာသိမ်းပြီးမှ အရေးပေါ်ဖန်တီးထားတဲ့ ဇမ္ဗူသီရိမြို့နယ် နေပြည် တော်ကောင်စီဝန်းထဲက အထူးတရားရုံးမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက သူ့ကို လျှို့ဝှက်ထိန်းသိမ်းထားတဲ့ နေရာကနေ အဲဒီတရားရုံးကို ရဲအစောင့်အရှောက်တွေနဲ့ အပတ်စဉ် ရုံးချိန်း လာရောက်ခဲ့ ရတာပါ။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ (၁)(ဂ) ဟာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး၊ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ပထမဆုံး ဖမ်းဆီးခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှု အတွက် ဆက်လက်ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီး ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထောင်ထဲကို ပြောင်းရွှေ့ လိုက်ပြီး ထောင်ထဲမှာ သီးခြားကောင်းမွန်စွာထားရှိကြောင်း ဇွန်လ ၂၃ ရက် ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်ထဲကို ရောက်လာပြီးနောက်မှာ အချုပ် ထောင်ခြံစည်းရိုးကို အာဏာပိုင်တွေက အထပ်ထပ်ကာရံတာ၊ လုံခြုံရေးအင်အား ပိုတိုးချ တာနဲ့ အမျိုးသမီး၊ အမျိုးသား အချုပ်ဆောင်တွေမှာ အရင်ထက်ပိုပြီး စည်းကမ်းတင်းကျပ် တာတွေ လုပ်လာတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နေပြည်တော် အချုပ်ထောင်ထဲက အထူးတရားရုံးမှာ NLD အစိုးရလက်ထက် ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ အတော်များများ အမှုရင်ဆိုင်နေရပြီး အပြီးသတ် အမိန့်ချခံရသူတွေဟာ နေပြည်တော် အနီးက ရမည်းသင်းထောင်ကို ပြောင်းရွှေ့အကျဥ်းချခံရလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။