အတိုင်ပင်ခံပုဂ္ဂိုလ် စြင်္ကန်နဲ့ပတ်လမ်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းရေး ညီလာခံ တက်ရောက်
2019.04.28

ဒုတိယအကြိမ် စြင်္ကန်နဲ့ ပတ်လမ်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညီလာခံအတွက် တရုတ်ပြည်ကိုရောက်ရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား တရုတ်ပြည်သူ့ နိုင်ငံရေးရာ ညီလာခံကော်မတီ ဥက္ကဋ္ဌ ဝမ်ယမ်နဲ့ တနင်္ဂနွေနေ့က ပေကျင်းမှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံအကျိုးတူကိစ္စတွေ အကောင်အထည်ဖော်ဖို့၊ တရုတ် မြန်မာ စြင်္ကန်နဲ့ ပတ်လမ်း BRI အစီအစဉ်ကို မြှင့်တင်ဖို့၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ တရုတ်အစိုးရ ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
ညီလာခံဖွင့်ပွဲနေ့မှာ တရုတ် ရထားလမ်းကုမ္ပဏီအဖွဲ့ CRGC ဥက္ကဋ္ဌ လီချန်ဂျင်းက မူဆယ် မန္တလေး ရထားလမ်း စီမံကိန်းဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကို ပေးအပ်ခဲ့ပါတယ်။ တရုတ်ပြည် ရွှေလီနဲ့ကပ်လျက် မူဆယ်ကနေ မန္တလေးအထိ ဖောက်လုပ်မယ့် အဲဒီရထားလမ်းဟာ မိုင်၂၅၀ ကျော် ရှည်လျားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၈ အောက်တိုဘာလမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မကြာခင် စတင်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။