ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုများ ဆက်လက်စစ်ဆေး
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို အရေးယူထားတဲ့ အဂတိအမှု လေးမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။
နေပြည်တော် လရောင်တောမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ဖို့ အိမ်တစ်လုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူထားတဲ့ လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တယ်ဆိုတဲ့ အမှုအတွက် တရားလို ဦးရဲထက်ကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်စစ်မေးခဲ့တယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေအားလုံးကို စစ်ကောင်စီက အမှုအကြောင်း အပြင်ကို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီနေ့ အပြန်အလှန်စစ်မေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အတွက် နေပြည်တော်မှာ မြေကွက်တွေ ရယူတယ်ဆိုတဲ့ အမှု နှစ်မှုကိုတော့ နေပြည်တော် စည်ပင်ဌာနမှူး ဦးစိုးနိုင်ကို တရားလိုပြသက်သေအဖြစ် စစ်မေးခဲ့ပါတယ်။
သူ့ကိုတော့ နောက်တစ်ပတ် ရုံးချိန်းမှာ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန် စစ်မေးကြမှာ ဖြစ်ပါတယ်။
ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အမှုအတွက်ကတော့ လာမယ့် ရုံးချိန်းမှာ တရားလိုပြ သက်သေတစ်ဦး လာရောက်ထွက်ဆိုဖို့ရှိတယ်လို့ ဆိုပါတယ်။
နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် သောကြာနေ့ နိုဝင်ဘာလ ၅ ရက်နေ့ကို တရားရုံးက ပြန်လည် ချိန်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ လေးဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ရှေ့နေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။