ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ထားတဲ့ အမှုငါးမှု အထူးအယူခံ ပယ်ချခံရ
2023.08.31

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် လွတ်ငြိမ်းခွင့် ပေးထားတဲ့ အမှုတွေရဲ့ အထူးအယူခံ တင်ပြထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ဩဂုတ်လ ၂၉ ရက်နေ့မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ စကားပြောစက်တွေ တွေ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ တို့နဲ့ စွဲဆိုထားတဲ့ အမှုနှစ်မှု၊ ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလက ကိုဗစ်စည်းမျဉ်းတွေ ချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ-၂၅ နဲ့ စွဲဆိုထားတဲ့ အမှုနှစ်မှု ပါဝင်ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နှစ်စောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှာ တာဝန်ရှိတယ်ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) စွဲဆိုတဲ့ အမှုအပါအဝင် စုစုပေါင်းငါးမှု ဖြစ်ပါတယ်။
အဲဒီအမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ အမှုတွေနဲ့ပတ်သက်လို့ အထူးအယူခံကို လက်ခံ၊ မခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တာ ဖြစ်ပါတယ်။
ဒီကြားနာထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မဆုံးဖြတ်သေးခင်မှာပဲ သြဂုတ်လ ၁ ရက် စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း နောက်ထပ်ခြောက်လ ထပ်တိုးချိန်မှာ ဒီအမှုတွေအတွက် အမိန့်ချထားတဲ့ ထောင်ဒဏ်ခြောက်နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။
အဲဒီလိုလွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့ရောက်မှ အမှုတွေရဲ့ အထူးအယူခံတွေကို ပယ်ချကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပေးထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ)နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ - ၂၅ စတဲ့ အမှုနှစ်ခုအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ထားတဲ့အမှုအတွက် အထူးအယူခံကိုလည်း ဩဂုတ်လ ၂၉ ရက် တစ်နေ့တည်းမှာပဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခြင်း၊ မပေးခြင်းနဲ့ မသက်ဆိုင်ဘဲ တရားဥပဒေလမ်းကြောင်းအရ အဆင့်ဆင့် ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းစဉ်အားလုံးကို ဆောင်ရွက်နေတာလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလို အယူခံအဆင့်ဆင့်တက်ထားတဲ့အမှုတွေနဲ့ပတ်သက်လို့ အမှုသည်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ရှေ့နေအဖွဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဒီနေ့ထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရချိန် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရဖို့ ရှိနေပါတယ်။